ပထမတန်းစား // ခင်ဆွေဦး
ပထမတန်းစား // ခင်ဆွေဦး
(မဟေသီ မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၁)
---
(၁)
သည်ကမ္ဘာလောကကြီးမှာ ပထမတန်းစား မဖြစ်ခဲ့သူတွေထဲ ‘ဌေးဌေးလှိုင်’ ပါခဲ့သည်။ ဌေးဌေးလှိုင် ရုပ်ရှင်နယ်ထဲ ဝင်စတုန်းက ခေါင်းဆောင် မင်းသမီး ဖြစ်ဖို့ ဝင်ခဲ့တာပါပဲ။ ဒါဟာ အလုပ်တခုအတွက် လူတိုင်း ဒီလို ရည်ရွယ်ကြတာပဲ မဟုတ်လား။ ဘယ်သူက ဒုတိယတန်းစား မင်းသမီး သို့မဟုတ် ဇာတ်ပို့ အဖြစ်လောက်နဲ့ ကျေနပ်ဖို့ စိတ်ကူးရှိပါ့မလဲ။
ဌေးဌေးလှိုင်တို့ အိမ်က နဂိုကတည်းက ရုပ်ရှင်ထဲ ဝင်ခဲ့တာ တဆူဆူ တပူပူ။ ၁၀ တန်းကျတဲ့ နှစ်တွေတုန်းက ဆိုရင် လှုပ်တောင်မှ မလှုပ်ရဲခဲ့ပါ။ ၁၀ တန်း အောင်မှပဲ ရုပ်ရှင်မင်းသမီး ဖြစ်ဖို့ ရဲရဲတင်းတင်း အခွင့် တောင်းနိုင်တော့သည်။ “ကျောင်းပိတ်တုန်းပဲနော်” လို့ မေမေက ခဏခဏ သတိပေးသေးသည်။
“ဟုတ်ကဲ့ပါ မေမေရယ်။ ကျောင်းဖွင့်ရက်တွေ လုံးဝမသွားပါဘူး”
သည်လို အာမခံချက်အပြင်...
“ဌေးဌေး မှဲ့တပေါက်မှ မစွန်းစေရပါဘူး” ဆိုတဲ့ အာမခံချက်ကတော့ အရေးအပါဆုံး ဖြစ်သည်။ သည်အာမခံချက် ဖြစ်မြောက်ရန် ဌေးဌေးလှိုင်၏ မျက်နှာမှာ တည်သည်ထက် တည်လာလေသည်။ အစမ်းရိုက်ကူးရန် ရုပ်ရှင်ပြကွင်းသို့ လိုက်ပါလာသော အစ်မကမူ ...
“ဌေးဌေး နင် နည်းနည်းပြုံးဖို့ လိုတယ်။ နင့်မျက်နှာကြောက တင်းလွန်းတယ်”
အစ်မ ပြောစကားကို မှန်ကြည့်ရင်း နားထောင်ရ ပြန်သည်။ မမပြောတာလဲ မမှားပါ။ Screen Test (အစမ်း ရိုက်ထားသော ဖလင် ပြကွက်များကို) ပြန်ကြည့်တော့ ဌေးဌေးလှိုင်၏ မျက်နှာမှာ လိုအပ်သည်ထက် ပို၍ ‘တည်’နေတာကို တွေ့ရသည်။
“ဌေးဌေးရဲ့မျက်နှာက ‘တည်’တာပါ။ တင်းတာ မဟုတ်ပါဘူး”
ဌေးဌေးကိုချစ်သော ဖေဖေက ဌေးဌေးလှိုင်ဘက်က ရှေ့နေ လိုက်သည်။ “ဘာပဲ ဖြစ်ဖြစ်လေ ရုပ်ရှင် မင်းသမီးရဲ့ မျက်နှာက ချိုနေမှ ချစ်ချင့်စဖွယ် ဖြစ်မယ် မဟုတ်လား၊ မျက်နှာပေါက် ဆိုးနေမှ ဘယ်မင်းသမီး လုပ်ဖို့ ကောင်းတော့မလဲ”
သို့သော်လည်း ယောက်ျားများကို မြှူဆွယ်သော ပြည်တည်တည် ပြုံးဖြီးဖြီး မျက်နှာမျိုးလည်း နှစ်မြို့ခြင်း မရှိနိုင်တာ အမှန်ပင်။ ဌေးဌေးလှိုင်သည် မကြာခဏ မှန်ရှေ့ထိုင်ကာ ပြုံးချိုသော ချစ်စဖွယ် မျက်နှာထားမျိုး ဖြစ်လာစေရန် လေ့ကျင့်သည်။ လူတွေကို မေတ္တာပွားများကြည့်မှ မျက်နှာထား ကြည်လင် ပြုံးရွှင်နိုင်မှာ သေချာသည်။ ကြာကြာတော့ မလေ့ကျင့်လိုက်ရပါ။ ဌေးဌေးလှိုင်၏ မျက်နှာအမူအရာ မကြာမီပင် ပြောင်းလွဲလာခဲ့လေသည်။
“နင်က လှပါတယ်ဟာ… ယဉ်တယ်လို့လည်း ပြောလို့ရတယ်”
သူငယ်ချင်းတွေက အားပေးအားမြှောက် ပြုသည်။
“ဟား ဟား… လှတမျက်နှာ၊ ယဉ်တကိုယ်လုံးလား”
ဌေးဌေးလှိုင် ဟားခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် လှသည်ဆိုတာ သေချာပြီးသားပင်၊ ဒါကြောင့်လည်း ရုပ်ရှင်နယ်ထဲ မရအရ ဝင်ခဲ့တာပေါ့။ ပါးစပ်နည်းနည်း ပြဲသည်ကလွဲလို့ ကျန်မျက်နှာအင်္ဂါ အစိတ်အပိုင်း၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လှသည်ဟု အားလုံးကပင် ဆုံးဖြတ်ထားကြသည် မဟုတ်ပါလား။ ထိုစဉ်တုန်းက မပေါ်သေးသော်လည်း ယနေ့ ဗွီဒီယိုရုပ်ရှင်ကားများ အနက် နာမည်ကျော်ကြားသော Pretty Woman (မိန်းမလှလေး) ရုပ်ရှင်ကားထဲမှ ဂျူလီယာ ရောဘတ် နှင့်ပင် ဌေးဌေးလှိုင် ဆင်သလို ရှိသည်။ အဓိက ပြောချင်တာကတော့ ဂျူလီယာ ရောဘတ် ရုပ်ရည်ထက် သူ၏ အမူအရာ ကောင်းခြင်းက ထိပ်တန်း မင်းသမီး အဖြစ်သို့ ရောက်စေသည် မဟုတ်ပါလား။ ပရိသတ်က လက်ခံ၍ ကျော်ကြားသော ရုပ်ရှင် မင်းသမီး၏ တန်ဖိုးက ဒါပဲ ဖြစ်သည်။
“ဌေးဌေးလှိုင် မျက်နှာမှာ ကာရိုက်တာ (Character) ရှိတယ်”
ဟု အိမ်နီးချင်းစာရေးဆရာမ တဦးက ပြောဖူးသည်။ ဌေးဌေးလှိုင် အစပထမ၌ နားမလည်လှသေး။
“မင်းသမီးဟာ လှတာ မလှတာက ဒါလောက် အရေးကြီး မနေဘူး။ သူ့မျက်နှာမှာ သူရဲ့အတွင်းစိတ် ဖော်ပြနိုင်ရမယ်”
“အဲဒါ ဘာပြောတာလဲဟင်”
“ဥပမာ ဆိုပါတော့ကွယ်။ ဒီမိန်းကလေးဟာ ထက်ထက်မြက်မြက် ရှိသလား၊ ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်သလား၊ ကြင်နာတရား ရှိသလား၊ အနစ်နာခံ တတ်သလား၊ အနစ်နာ ခံသလောက် စိတ်ကြီးသလား၊ ဟီရိဩတ္တပတရား ရှိသလား၊ ဒါမှမဟုတ် မာနနဲ့ ထည်ဝါသလား၊ သစ္စာမဲ့တတ်သူလား၊ ပလီပလာ ကလိန်ကလက်လား၊ အဲဒါတွေ အားလုံး မျက်နှာ ကိုယ်ဟန် လက်ခြေမှာ ထင်ဟပ်နိုင်တာကို ပြောတာ၊ အထူးသဖြင့် စရိုက်ကောင်းတွေ ပေါ်လွင်စေတဲ့ မျက်နှာမျိုး”
တလောတုန်းက ပြသွားသော ဒါရိုက်တာ ဦးဝင်းဖေ၏ ‘မှုန်ပြာရီမှိုင်း’ ရုပ်ရှင်ကားထဲမှ ‘မေသန်းနု’ ၏ သရုပ်ကို ဆရာမက ပြောပြနေသည်။ အရှက်အကြောက်နှင့် တန်ဖိုးရှိကာ လင်အပေါ်၌ သစ္စာရှိသော စရိုက်မှာ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ ပေါ် လာသည်။ စာရေးဆရာမ မိုးမိုး(အင်းလျား)၏ ‘ငြိမ်းကိုရှက်ပါ’ ဝတ္ထုကို ဖတ်ဖူးသဖြင့် ရုတ်တရက် သဘောပေါက်စွာ တွေးမိလာသည်။
မှတ်မိသလောက် ‘မွှေး’ ထဲမှ မြင့်မြင့်ခင်၊ သင်္ကြန်မိုးထဲမှ ခင်သန်းနု... ‘ခရာမာ နှင့် ခရာမာ’ ရုပ်ရှင်ကားထဲမှ မာရီရယ် စထရိ၊ ဂျူလီယာ ရုပ်ရှင်ကားထဲမှ ဗင်နစ်ဆာ ရက်ဂရေ့ နှင့် ဂျိမ်း ဖောင်ဒါ တို့ကို အားကျကာ စိတ်ကူးယဉ်ခဲ့မိသေးသည်။
---
( ၂ )
ရုပ်ရှင် ရိုက်ကူးရာ ခြံထဲတွင် ခွာဖြူ ပန်းရုံများ၌ ပန်းတွေ လိပ်ပြာဖြူလေးများ အုံခဲသလို ဖွေးဖွေးလှုပ်နေရာ ပတ်ဝန်းကျင်တွင် မွှေးထုံ သင်းပျံ့နေသည်။
“နောက်ကားတော့ ညည်း ခေါင်းဆောင်ပဲ သိလား”
လက်ထဲတွင် ဇာတ်ညွှန်း ကိုင်ထားသော ဒါရိုက်တာက ပြောလိုက်တော့ ဌေးဌေးလှိုင်က ဟန်မဆောင်နိုင်၊ နကို ပါးစပ်ပြဲလေးနှင့် သွားများအပြည့် ပေါ်အောင် ပြုံးရယ်မိသည်။
“ဟာ မင်္ဂလာသတင်းပါပဲ ဆရာ”
“ညည်း တော်တယ်လို့ အားလုံး ပြောနေကြတာပဲ။ ဘဝင်တော့ မြင့်မသွားနဲ့ဦးနော်”
“ကျွန်မမှာ ထုံးစံမရှိပါဘူး”
“အင်း... ထုံးစံတော့ မရှိဘူး၊ ကွမ်းယာစံတော့ ရှိမယ်ပေါ့”
သူ့ဟာသကို သူ့ဘာသာ ရယ်မောနေသည်။ လူလတ်ပိုင်း ဒါရိုက်တာသည် မပိန်မဝနှင့် ဖျတ်ဖျတ်လတ်လတ် ရှိလေသည်။ ပျော်ပျော်ပါးပါးနှင့် နောက်နောက်ပြောင်ပြောင် နေတတ်သော်လည်း အလုပ်ကိုတော့ ရိုသေသည်။ ထို့ကြောင့်ပင် မြန်မာပြည် တနံတလျားတွင် ထင်ရှား ကျော်ကြားသူ ဖြစ်လာကာ အကယ်ဒမီဆု ရရှိပြီး မကြာ မကြာ စာရင်းဝင် ဖြစ်ခဲ့သည်။ ဒါကြောင့်ပင် ဌေးဌေးလှိုင်၏ အစ်မက မျှော်လင့်ကြီးစွာဖြင့် ဝမ်းပန်းတသာ ဖြစ်နေရှာသည်။ ခေါင်းဆောင် မင်းသမီး အဖြစ် အောင်မြင်၍ ကျော်ကြားလာလျှင် ယိုင်နဲ့နဲ့နှင့် အမိုးအကာ မလုံတလုံ အိမ်ငယ်လေးကို ပြင်ဆောက်မည်ဟု အစ်မ စိတ်ကူးနေပုံကိုပါ မှန်းကြည့်လို့ ရသည်။
ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ ခြံရှင်လည်း ဖြစ်သော အန်ကယ်ဆီမှ အခွင့်တောင်းကာ ခွာဖြူပန်းတွေ ခူးတော့ အစ်မက ခွာဖြူပန်းရုံတွေ ကြားထဲမှ ဝင်းဝါ လှပသော ညီမငယ်ကို ကြည့်ရင်း ပျော်နေသည်။
“တကယ်တော့ ညည်းတို့ ညီအစ်မ နှစ်ယောက်စလုံး မင်းသမီးဖြစ်ဖို့ ကောင်းတာ၊ ရိုက်ကြမလား ချစ်အမျှတို့၊ ချစ်မမတို့ ကားမျိုးလိုလေ”
“မလုပ်ပါနဲ့ ဆရာရယ်၊ မမက သိပ်ရှက်တတ်တာ”
“ဒါဖြင့် ညည်းကတော့ အရှက် မရှိဘူးပေါ့”
ဌေးဌေးလှိုင်က သူ့စကားနှင့်သူ မိကာ ရယ်မော နေမိသည်။
“ကောလိပ်ဂျင် ဦးနေဝင်း ပြောခဲ့တာပဲလေ၊ အရှက်မရှိမှ အမူအရာလုပ်လို့ ရတာတဲ့”
“ညည်းက ဝန်ခံပြီပေါ့”
“ဝန်မခံပါဘူး၊ ဝါသနာ ကြီးလွန်းလို့လဲ ပြောနိုင်ပါတယ်”
“အမယ်... ကိုယ့်ဘက်ကျ ကိုယ် တယ်သိပါလား”
ဌေးဌေးလှိုင် နဖူးကို လက်သီးနှင့် လှမ်းထုလေသည်။ မမကတော့ ကလေးငယ် တယောက်ပမာ ဟက်ဟက်ပက်ပက် ရယ်မောနေသည်။
မိုးကောင်းကင် ပြာပြာတွင် တိမ်ဖြူများ အလိပ်လိုက် တရွေ့ရွေ့နှင့် သွားနေသည်။ နေ၏ ဝါရွှေသော ရောင်ခြည်မျှင်သည် တိမ်လိပ်တွေကြား ဖြတ်သန်းနေသည်။ အုန်းပင်ထိပ်ဖျားမှ စာဝါလေးများ၊ ခိုများ၊ ချိုးငှက်များက အပင်ထိပ်မှ ခွာကာ ဖြတ်သန်း သွားကြသည်။ ဘင်္ဂလားပန်းဆွဲ သရက်သီးများ ကတော့ ပန်းရင့်အသွေး ပြေးလျက် ပြွတ်သိပ်စွာ လေထဲတိုးဝှေ့ရင်း၊ အကိုင်းတွေနောက်တွင် တူတူပုန်းတမ်း ကစားနေကြလေသည်။
မပြန်ခင်တွင် ရုပ်သေ ရိုက်ကူးသော ဓာတ်ပုံ ဆရာလေးက ဌေးဌေးလှိုင် အနီးသို့ ပြေးလာပြီး...
“အစ်မရေ ဒီအတိုင်း ငြိမ်ငြိမ်နေ၊ ဒီညနေ အစ်မ သိပ်လှတာပဲဗျာ၊ တကယ်ပြောတာ”
“ဓာတ်ပုံ ရိုက်ချင်လဲ ရိုက်ပါ့မယ်၊ ငါ့ကို ဒါလောက်လဲ မြောက်ပင့် မနေပါနဲ့၊ မနက်ဖြန်ကျ နင့်ဖို့ လက်ဖက်သုပ် ယူခဲ့ပါ့မယ် …”
“ဆရာ့ကားမှာ အစ်မ ခေါင်းဆောင် မင်းသမီး ဖြစ်ရင်သာ ကြေးအိုး ကျွေးဗျာ”
“အေးပါဟယ်… ကျွေးပါ့မယ်”
“မဌေး ကျွန်တော့်ကိုလည်း ကျွေးနော်၊ ကျွန်တော်က မဌေးကို လှသထက် လှအောင် မီးထိုးပေးမှာ”
“တော်ပါပြီ… အရင် ကားတုန်းက မျက်နှာကြီး ဖြူဖတ်ဖြူရော်နဲ့ မသာရုပ် ပေါက်နေတာ”
အစ်မက လက်ဖက်ရည်ကြမ်းတွေ ထွေးထုတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ လှပသော အနုပညာ ကမ္ဘာလေး တခုသည် ပန်းချီကား တချပ်လို လှပနေပြီး အရာရာ တက်ကြွ လန်းဆန်းဖွယ် ထွန်းတောက်နေသည်။
“ဘယ်သူ အရုပ်ဆိုးဆုံးလဲဟေ့၊ လာ ဒီပန်းရုံနား လာရပ်ကြ”
ဓာတ်ပုံဆရာနှင့် မီးထိုးသမားလေးတို့ အပြန်အလှန် လက်ညှိုးထိုးနေကြသည်ကို အစ်မက ရယ်ပြန်သည်။
( ၃ )
စတူဒီယိုထဲတွင် မိုးလုံလေလုံ ဖြစ်သော်လည်း အပြင်၌ မိုးတဖွဲဖွဲ ကျနေသည်။ ကောင်းကင်ကြီး၏ မျက်နှာမှာ ညိုမှိုင်းလျက် မိုးရေတို့သည် မကြာ မကြာ ငိုတတ်သော မိန်းမငယ်များ၏ မျက်ရည်လို အဆက်မပြတ်။ ကုမ္ပဏီပိုင်ရှင် မိသားစု အိမ်ပေါ်ထပ်သို့ တက်ကာ အိပ်နေကြပုံရသည်။ ညနေစောင်း ၆နာရီ အမှောင်ကား ပို၍ သည်းထန်သည်။ လခြမ်းပဲ့ပင် မမြင်ကွယ်ရာတွင် ပြေးနေလေပြီ။ တချိန်လုံး အိပ်ချင်နေသော အစ်မကား ထောင့်တနေရာမှ ခုံတန်းရှည်လေးပေါ် အိပ်ပျော် နေလေပြီ၊ လူစုကွဲတာလဲ ကြာပြီပဲ၊ ဌေးဌေးလှိုင်တို့ကို ပြန်ပို့ဖို့ ကားကိုသာ စောင့်နေရသည်။ ထိုနေ့ရိုက်ချက် ရှုတင် ပြီးဆုံးပြီ ဖြစ်သည်။
“မဌေး ခဏ”
ဒါရိုက်တာက လှမ်းခေါ်တော့ ရိုသေကျိုးနွံမြဲ ဖြစ်သော ဌေးဌေးလှိုင်က “ဟုတ်ကဲ့ လာပါပြီ ဆရာ” ဟု ခပ်သွက်သွက် လျှောက်သွားလေသည်။
“ဒီမှာ ကြည့်ပါဦးကွာ၊ မြင့်ခိုင်တို့များ လုပ်ပုံ၊ ဇာတ်ညွှန်းမှာ အရေးကြီးတာတွေ အကုန်ကျကျန်ရစ်ခဲ့တယ်၊ ကဲ ကား မရောက်ခင်လေး ဆရာ ဖတ်ပြမယ်၊ မဌေးက လိုက်ဖြည့်ကူး”
“ဟုတ်ကဲ့ ဆရာ”
“အိပ်ငိုက်နေလား မိုးအေးအေးနဲ့”
“မငိုက်ပါဘူး ဆရာ”
“မှားတော့ မကူးနဲ့နော်”
“စိတ်ချပါ ဆရာ”
စတူဒီယို အတွင်းခန်းထဲတွင် မီးရောင်က ပြာလဲ့လဲ့လေး လင်းနေသည်။
“မြင်ရရဲ့လား၊ မမြင်ရရင် ဟိုစားပွဲမှာ သွားထိုင်ဖတ်ရအောင်”
လေသည် တရုန်းရုန်း တိုက်ခတ်နေသဖြင့် သွပ်မိုးတို့၏ အသံသည် မြည်နေသည်။ မိုးသည် တရှဲရှဲ အော်မြည်နေကာ တစိမ့်စိမ့် စွေနေတုန်းပင်။ ဌေးဌေးလှိုင်က ကွေးကွေးလေး အိပ်မောကျနေသော အစ်မကို တချက်မျှ လှမ်းကြည့်ပြီး နေရာရွှေ့လာသည်။ “ဪ အအေးမိတော့မှာပဲ” စိတ်ထဲကလား နှုတ်ကလား သတိမထားမိဘဲ ပြောနေမိသည်။
အားလုံး အမှတ်မထင်ပါဘဲ၊ ဒါရိုက်တာက ခပ်ရိုးရိုး အပြစ်ကင်းစင်သူလို မျက်နှာထားမျိုးနှင့် မဂ္ဂဇင်း စာအုပ်တွေ ကမ်းပေးကာ
“ဒီမှာကြည့်ပါဦးကွာ၊ နာမည်ကြီး မင်းသမီးတွေ တချိန်တုန်းက နာမည် မရခင်က မျက်နှာဖုံးပုံတွေ”
ဌေးဌေးလှိုင်က အင်္ဂလိပ်ဘာသာနှင့် ရုပ်ရှင်မဂ္ဂဇင်းတွေကို လှမ်းယူကာ ကြည့်မည်ပြင်တုန်း ဒါရိုက်တာက…
“အဲဒါ သူတို့အလှကို အစွမ်းကုန် ဖော်ပြကြတာ၊ လှတာလဲ လှကြပါရဲ့ ကြောက်စရာလဲ ကောင်းပါရဲ့”
ဌေးဌေးလှိုင်က မဂ္ဂဇင်း အတွင်းစာမျက်နှာများကို ဖွင့်ကြည့်မည် လှန်လှောဆဲ သုံးလေးမျက်နှာ အရတွင် စာအုပ်တွေကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
“ဟာ တော်တော် စုတ်ပဲ့တဲ့ စာအုပ်တွေပဲ”
ဌေးဌေးလှိုင်က ပထမ စိတ်ဆိုးဖို့ သတိမရသေး၊ ဒါရိုက်တာ၏ မျက်လုံးများကို ရင်ဆိုင်ကြည့်သည်။ အရင်တုန်းက ဒီလို အကြည့်မျိုးတွေ မရင်ဆိုင်ဖူးပါဘူး၊ ကိုယ်ပဲ သတိမထားမိလို့လား မသိဘူး၊ ခုတော့ ကြောက်ဖို့ထက် ရွံဖို့ ကောင်းသည်ဟု ထင်မိသည်။ အမေရိကန် အညှီအဟောက် မဂ္ဂဇင်းများ ဖြစ်ကြသော ပင့်(တ်)ဟောက်(စ်) မဂ္ဂဇင်းများသည် ကြမ်းပြင်ပေါ် ပြန့်ကျဲနေကြသည်။
“ဒါများ ကျွန်မကို လာပြရသေးတယ်”
“မဟုတ်ပါဘူးကွာ၊ မဌေးကြိုက်တဲ့ မင်းသမီးမို့ ပြတာပါ”
“ကျွန်မကို ပြသင့်မပြသင့် အရင် စဉ်းစားပါဦး၊ ဆရာ့နှမတို့ သမီးတို့ဆိုရင် ဒီမဂ္ဂဇင်းတွေ ပြမလား၊ မမြင်ရအောင် ဖွက်ထားမှာ မဟုတ်လား”
“ဒီလို နှုတ်ခမ်းမျိုးကလဲ စွာလှချည်လား”
“ဪ မစွာတဲ့ နှုတ်ခမ်းမျိုး ရှိသေးလို့လား”
ရင်ထဲတွင် ကလေးမငယ်တွေ ဆဲသလို ဆဲရေးလိုက် လေသည်။
“အများအားဖြင့် နှုတ်ခမ်းချွန်ချွန် သေးသေးစုစုလေးတွေက စွာတတ်တာ မဌေးကတော့ ပါးစပ်ပြဲလေးနဲ့ စွာသကွာ”
ပေါ့ပေါ့ဆဆ ရယ်နေသည်။
ဘာမှ ဆက်မပြောချင်တော့သဖြင့် ဌေးဌေးလှိုင်က ထိုင်ရာမှထကာ...
“ကားမစောင့်တော့ဘူး၊ ကျွန်မ ပြန်မယ်”
“နေပါဦး ဌေးရယ်၊ ကိုယ် ဌေးကို စကားတွေ အများကြီး ပြောချင်နေတာ”
“အို ကျွန်မတော့ နားမထောင်ချင်ဘူး ပြန်မယ်”
“ဒါတော့ ပြီးအောင် ရေးပေးပါဦး၊ ဒါ ဌေးဌေးအတွက် ကတ်ပဲ”
“ဒါဖြင့် ကျွန်မအိမ် ပေးလိုက်၊ ကျွန်မ အိမ်မှာ မမနဲ့ ရေးပေးလိုက်မယ်”
“ဒီမှာ ဌေး ကိုယ် ပြောမှာလေးတောင် နားမထောင်ချင်ဘူးလား”
“မထောင်ချင်ဘူး၊ ကျွန်မ မမကိုနှိုးပြီး ပြန်မယ်၊ မမကလဲ အိပ်လိုက်တာ ရိုးမှရိုးရဲ့လား မသိဘူး”
ဤတွင် ဌေးဌေးလှိုင်က သူ့အနီးအတွင်း တိုးကပ်လာကာ ခါးကို လှမ်းဖက်ရန် ကြိုးစားနေသူအား စိုးထိတ်ခြင်းတော့ ဖြစ်မိသည်။ ငယ်စဉ်တုန်းက သိုင်းဆရာ ဖြစ်ခဲ့ဖူးသော အဖေပြောဖူးတာ လျှပ်တပြက် သတိရမိသည်။ “ကိုယ့်ကို အနိုင်ကျင့် မတရား ကြံစည်မယ့် အားကြီးသူကို နှစ်နေရာ ဆော်ပစ်လိုက်၊ တနေရာက မျက်လုံးကို ဖြတ်ရိုက်တာ ဖြစ်ဖြစ်၊ သဲနဲ့ပက်တာမျိုး ဖြစ်ဖြစ်၊ တနေရာက ညို့သကြီး ခြေသလုံးကို ဒေါက်ဖိနပ်နဲ့ ကန်တာဖြစ်ဖြစ်၊ မီရာတုတ်နဲ့ ရိုက်တာဖြစ်ဖြစ်”
နောက်ဆုံးတော့ လုပ်မိလုပ်ရာ မျက်လုံးကို ရေမွှေးစပရေး ပုလင်း၏ ဘူးစို့သာ နှိပ်ပစ်ကာ မျက်စဉ်း ခတ်ပစ်လိုက်သည်။ မကန်းတောင် အနည်းဆုံး မျက်စိကို အခံရခက်စွာ ပွတ်သပ် နေလေဦးတော့။
အစ်မကို အိပ်ရာမှနှိုးပြီး ပြန်လာချိန်တွင် လိုက်ပို့မည် ဖြစ်သော စပရင်တာ ဆလွန်ကားအဖြူ ရောက်မလာသေး၊ အစ်မအား အိမ်ရောက်မှ အကြောင်းစုံ ရှင်းပြရတော့မည်။ ရင်ထဲ ဟာစွာ၊ နာကျင်စွာ၊ ဝေဒနာသည်းစွာနှင့် ချစ်မြတ်နိုးသော အရာတခုကို စွန့်လွှတ်ခဲ့သည်။ အားလုံး အစီအစဉ် ကင်းမဲ့စွာ ဖြစ်ခဲ့သော်လည်း ဌေးဌေးလှိုင် နောင်တတော့ မရလှပေ။
မိုးသည် မညှာမတာ ရွာချနေဆဲပင်၊ တချက် တချက် တိုက်လိုက်သော လေမုန်တိုင်း ဒဏ်ကြောင့် ခွာဖြူပန်းများ ပြတ်ကြွေလွင့်ကုန်သည်။ လိပ်ပြာလေးများလည်း ဘယ်ဆီ ထွက်ပြေးကုန်သည် မသိ၊ ကျန်ရှိနေသော ခွာဖြူပန်းငုံများကား လေတွင် ခေါင်းမတ်နေဆဲပင်။
ဌေးဌေးလှိုင် တသက် ပထမတန်းစား ခေါင်းဆောင် မင်းသမီး မဖြစ်တော့တာ သေချာသည်။ သည်အတွက် ဝမ်းနည်း ကြေကွဲခြင်းတော့ ဖြစ်မိတာ အမှန်ပင်၊ သို့သော်လည်း ထိုထင်ရှားသူ ယောက်ျားတဦး၏ ဒုတိယတန်း တတိယတန်း သို့မဟုတ် စတုတ္ထတန်း မဖြစ်တော့သည့် အတွက်တော့ ဝမ်းမြောက်ဖွယ်ပင်တည်း။
---
#ခင်ဆွေဦး
#ပထမတန်းစား
#sbla
Comments
Post a Comment