မတော်တရော် // ဂျူး

မတော်တရော် // ဂျူး

---

တခါတခါတော့လည်း ကျွန်မတို မြန်မာယောင်္ကျားတွေ တော်တော် စိတ်ထားမြတ်ကြပါရဲ့ဟု ရေရွတ်မိသည်။ ကျွန်မ စိတ်တိုင်းမကျစရာ အမျိုးသမီးရုပ်တွေနှင့် ပြက္ခဒိန်တို့ Wall Sheet တို့ကို မြင်မိသည့်အခါမျိုးမှာ ဖြစ်တတ်သည်။ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြဝတီကကြော်ငြာတွေကို မြင်မိသည့်အခါမျိုးမှာ ဖြစ်တတ်သည်။

ကျွန်မတို့ မြန်မာရုပ်ရှင်မင်းသမီးအချို့၊ ကိုယ်ဟန်ပြမယ်တချို့သည် ဓါတ်ပုံရိုက်ခံလျှင် အလိုအလျှောက်ပင် မတော်မတဲ့ ဟန်ပန်တွေ ဖြစ်ကုန်တတ်ကြသလား။ ဒါကတော့ ကျွန်မ မသိနိုင်ပေ။ 

ကျွန်မ မြင်တွေ့နေရသည့် ကိုယ်ဟန်တွေကတော့ နည်းနည်းမှကြည့်မကောင်းပါ။ အထူးသဖြင့် ထိုင်လျှက်ပုံတွေ ဖြစ်သည်။ ကုလားထိုင်ပေါ်မှာပဲ ထိုင်ထိုင်၊ မြက်ခင်းပေါ်မှာပဲ ထိုင်ထိုင်၊ ထိုင်လိုက်သမျှ ကိုယ်ဟန်တွေက ယောင်္ကျားတွေအတွက် စိတ်ရိုင်းဝင်စရာ ဟန်တွေချည့် ဖြစ်သည်။ လှသလားဆိုတော့ အဲဒီဟန်တွေက နည်းနည်းလေးမှမလှ။ ယောင်္ကျားတွေကို ဆွဲဆောင်သည်ဆိုလျှင်လည်း ပြေပြေပြစ်ပြစ် ဆွဲဆောင်နိုင်မှာမဟုတ်။ အနုပညာပါပါ ဆွဲဆောင်မှာမဟုတ်။ တစ်တစ်ခွခွ ဆွဲဆောင်ခြင်းပဲ ဖြစ်နိုင်ပါသည်။

ကျွန်မတို့နိုင်ငံမှာ ဘာကြောင့် ပြက္ခဒိန်တွေ Wall Sheetတွေ ဖောင်းပွနေရသလဲ ... ဟု ကျွန်မ တခါတလေ စဉ်းစားကြည့်မိသည်။ စျေးကွက်ကောင်းလို့ပေ့ါ၊ ဝယ်သူတွေများလို့ပေ့ါ၊ ကျွန်မကလွဲပြီး လူတိုင်း ကြိုက်နေသည်ပေ့ါ။ ဒါဖြင့် ယောင်္ကျားတွေနဲ့ မိန်းမတွေ ဘယ်သူက သည်ပုံတွေကို ပိုကြိုက်မှာပါလိမ့်။ ယောင်္ကျားတွေက ပိုဝယ်သလား၊ ကျွန်မ မိတ်ဆွေ ယောင်္ကျားတွေကလည်း ပုံဝယ်တာ တခါမှ မတွေ့ဖူးပါဘူး။ တခါတုန်းကတော့ ယောင်္ကျား သူငယ်ချင်းတယောက်၏ အိပ်ခန်းကို တစွန်းတစ မြင်ရတုန်းက သူ့အခန်းနံရံမှာ အမေရိကန် အဆိုတော် မက်ဒေါနား၏ ပုံ Wall Sheet နှစ်ခုလား ဖြတ်ကနဲ တွေ့လိုက်ဖူးသည်။ ဒါပဲ။ သည်တော့လည်း သည်ပြက္ခဒိန်တွေ ဘယ်သူတွေ ဝယ်နေကြသလဲဟု ကျွန်မ စိတ်ဝင်စားသွားရလေသည်။ အများအားဖြင့် အိမ်တအိမ်၏ ဧည့်ခန်းမှာ နေရာပေးခံရမည့် ပြက္ခဒိန်သည် အနုပညာမြောက်ရမည်၊ ဓါတ်ပုံကို ကြည့်ရင်း စိတ်ချမ်းမြေ့စေရမည်။ ကျွန်မတို့ဆီက ပန်းရိုးမ ပြက္ခဒိန်များသည် သူတို့ဆီက ပြက္ခဒိန်များလိုပင် အနုပညာဆန်စွာ မျက်စိပသာဒ ဖြစ်စေသည်။ ကျွန်မအကြိုက်ဆုံး မြန်မာပြက္ခဒိန်မှာ ပန်းရိုးမ ဖြစ်သည်။ အရင်တုန်းက ပန်းရိုးမပြက္ခဒိန်ကို လက်ဆောင်မရလျှင် ဝယ်၍ အိမ်မှာ ချိတ်ဆွဲခဲ့ဖူးသည်။ ဒုတိယ အကြိုက်ဆုံးမှာ မြဝတီပြက္ခဒိန် ဖြစ်ခဲ့သည်။ ကျွန်မ နှစ်သက်ဖူးသည့် ပြက္ခဒိန်များ၌ ရုပ်ရှင်မင်းသမီးပုံပါသော ပြက္ခဒိန်တွေလည်း ရှိခဲ့ဖူးပါသည်။ ကိုယ်အထက်ပိုင်း သုံးပုံတပုံ ဒါမှမဟုတ် မျက်နှာပိုင်း ဓါတ်ပုံများ ဖြစ်သည်။ ကျွန်မမှတ်မိသလောက်တော့ ဓါတ်ပုံသိန်းဇော်လွင် နှင့် မင်းသမီးမေသီခလား အဲသည်လို နာမည်မျိုးနှင့် ဓါတ်ပုံများဖြစ်သည်။ ရင်ကို အသားပေးတာ တင်ကို အသားပေးတာ တခုမှမရှိ။ မျက်နှာပိုင်းနှင့် လည်ပင်းပိုင်းပဲ ပါသည်။ အလင်း အမှောင်၊ မျက်နှာထား၊ မိတ်ကပ်၊ ဆေးရောင် အလွန်ပြေပြစ်သည့် ဓါတ်ပုံများ ဖြစ်သည်။

ယခုတော့ ပြက္ခဒိန် ဝယ်ကျင့်မရှိတော့သဖြင့် ပြက္ခဒိန်တွေဆီ မရောက်ဖြစ်တာ နှစ်ပေါင်းကြာခဲ့ပြီ။ သွားရင်းလာရင်း တိုးလိုးတန်းလန်း ချိတ်ထားသည့် ပြက္ခဒိန်များကို မြင်ရတာကတော့ သိပ်အခြေအနေ မကောင်းပါ။ ကျွန်မ သူငယ်ချင်း ယောင်္ကျားလေး သုံးလေးယောက်ကို ပြက္ခဒိန်ထဲက အမျိုးသမီးတွေအကြောင်း ပြောပြဖူးသည်။ အဲသည် ဓာတ်ပုံဟန်တွေက သူတို့၏ စိတ်ဓါတ်ကို မည်ကဲ့သို့ ဖြစ်ပေါ်စေသလဲဟု မေးကြည့်သည်။ သူတို့ ကျွန်မကို ဆဲကြပါသည်။ ကျွန်မတို့ဆီမှာ သူတို့ဆီလောက် ညစ်ညမ်းမှုတွေ မရှိကြလို့ တော်ပါသေးရဲ့။ လိင်ဆိုင်ရာ အသားယူ အမြတ်ထုတ်ခြင်း၊ ချဉ်းကပ်ခြင်း၊ စမ်းသပ်ခြင်းမှအစ မုဒိမ်းမှုအထိ သူတို့နိုင်ငံမှာလို မများလို့ တော်ပါသေးရဲ့။ မြန်မာအမျိုးသမီးတွေ၏ ဝတ်စားဆင်ယင်မှုလည်း တကြောင်းပါလိမ့်မည်။ မြန်မာအမျိုးသားတွေ၏ ကိုယ်ကျင့်တရားသိက္ခာ တည်ကြည်အောင် ကြိုးစားစောင့်ထိန်းချုပ်မှုလည်း တကြာင်း ပါလိမ့်မည်။ ဘတ်စ်ကားပေါ်မှာ၊ လမ်းပေါ်က လူသွားစင်္ကြံပေါ်မှာ လိင်မှုဆိုင်ရာ ညစ်ညမ်းသည့် အပြောအဆို၊ ဟန်အမူအရာဖြင့် အမျိုးသမီးများအား နှောက်ယှက်သည့် ယောင်္ကျားတွေလည်း ရှိတော့ ရှိတာပေ့ါလေ။ လူနည်းစု ဖြစ်သဖြင့် ကျွန်မတို့ ရှောင်ရှားလို့ ရပါသည်။ လူနည်းစု၏ မတော်တရော် စိတ်ထားမျိုး လူများစု ပေါ်ပေါက်လာလျှင် ဒုက္ခဟု ကျွန်မ မကြာခဏ ကြောက်ရွံ့ စိုးရိမ်မိသည်။ ကျွန်မ တယောက်တည်းပဲ စိုးရိမ်နေသလားမသိ။ ဓါတ်ပုံရှင် အမျိုးသမီးတွေမှာ ကျွန်မထက်ပိုပြီး လုံခြုံစိတ်တွေ ရှိနေသလား။ ဒါမှမဟုတ် ဤကဲ့သို့သော အကြောင်းကြောင့် ထိုကဲ့သို့ အကျိုး ဖြစ်ပေါ်တန်ကောင်းဟုပင် မစဉ်းစားမိကြတာလား၊ ကျွန်မ မသိနိုင်ပါ။

ယခုခေတ်သည် ရုပ်ဝတ္ထုကို အသားပေးလာသည့် ခေတ်ဟု ဆိုရမည်ထင်သည်။ အခြေအနေအရပညာနှင့်ဦးနှောက် အရည်အချင်းကို လူမြင်သာအောင် ကြွားဝါလို့မရသည့်အခါ ရုပ်ပိုင်းဆိုင်ရာ ဖြည့်စွက်မှုများ၏ အရည်အချင်းကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားလာကြပုံ ပေါ်ပေါက်ပါသည်။ မိန်းခလေးတွေက ယောင်္ကျားလေး၏ ဝတ်စားဆင်ယင်မှုက ငွေကြေးတန်ဖိုးအရ တော်တော်ကို တိုးတက်လာ၏။ မိန်းမမော်ဒယ်တွေပါ နေရာရ ခေတ်စားလာသည်။

အခုခေတ်ကို မော်ဒယ်ခေတ်ဟု တချို့က သတ်မှတ်ကြ၏။ ယခု နှစ်နှစ် သုံးနှစ်အတွင်း မော်ဒယ်ယဉ်ကျေးမှု ထွန်းကားလာသည်မှာလည်း ကျွန်မတို့ မျက်မြင်ပဲ။ မော်ဒယ်အပေါ်ထားသည့် လူကြီးမိဘ၏ သဘောထားတွေပင် ပြောင်းလဲကုန်ပြီ။ အရင်က ကိုယ်ဟန်ပြမယ်အဖြစ် ပထမဆုရသည့် သမီး၏အောင်မြင်မှုကို လူထဲသူထဲမှာ ထုတ်ဖော်ဂုဏ်ယူဖို့ ရှက်ရွံ့သည့် ဖခင်များအကြောင်း ခဏခဏ ကြားခဲ့ဖူး၏။ ယခုအချိန် အဲသည်အဖြစ်မျိုး မရှိတော့ဘူး ထင်သည်။ ဖက်ရှင်မယ်တွေ ဖက်ရှင်ပြိုင်ပွဲတွေသည် အခန်းကဏ္ဍတခုအဖြစ် တွင်ကျယ်စွာ နေရာယူလာနိုင်ပြီ။ မော်ဒယ်ပြိုင်ပွဲအတွက် သတ်မှတ်စံတွေကလည်း အမျိုးမျိုးဖြစ်လာသည်။ အရင်တုန်းက ကိုယ်ခန္ခာအချိုးအဆစ် ပြေပြစ်လှပမှုကို တိုင်းတာသော စံက တမျိုးတည်းသာ။ ခါးသေး ရင်ချီ အောက်ပိုင်းဖွံ့ထွားမှုဖြင့် တိုင်းတာသည်။ ယခုအခါ ပိန်ပိန် သွယ်သွယ် ကိုယ်ခန္ဓာများပါ နေရာရလာသည်။ အဝတ်အစားတွေကလည်း စံအမျိုးမျိုး ဖြစ်လာသည်။ တလောဆီတုန်းက ကိုယ်ခန္ဓာကို စုထုတ်ထားသလို ကျပ်နေအောင်ဝတ်ပြီး မိမိခန္ဓာကိုယ်ကို ထင်းထင်းကြီး ရင်သပ်ရှု့မော အံ့သြစေခဲ့ကြပါသည်။ ယခုအချိန်မှာ ပွပွယောင်းယောင်း ပါးပါးပျော့ပျော့ အိအိဆိုတော့ လုံခြုံစွာ နူးညံ့စွာရင်ခုန်ရတာပေ့ါလေဟု စိတ်ချလက်ချရှိသည်က ခဏပဲ။ 

တဖြည်းဖြည်း သတိထားမိလာသည်ကတော့ ဝတ်စုံတွေပိုပိုပြီး ပျော့အိလာ၊ ပိုပိုပြီး ပါးလှပ်လာခြင်း ဖြစ်သည်။ ဟိုခေတ်က ဝိုင်၊ ပဒုမ္မာတို့ မှန်နိုင်လွန်တို့လည်းပါးတာပါဘဲ။ အင်္ကျီအဖြစ် ဘောလီအထက်မှာ ပါးပါးလှပ်လှပ် မြင်ရခြင်းက တမျိုး အရသာပေ့ါလေ။ ယခုခေတ်မှာကတည်းက ကျွန်မတို့ မြန်မာမိန်းခလေးတွေ ဝတ်နေခဲ့သည်က လိ-င်ဆွဲဆောင်မှုရှိသည့် ပြန့်ထမီတွေ။ သုံးတောင်ဝတ်မိန်းမသားဟု ဆိုရိုးစကားဖြစ်ရအောင်ပင် တကယ်ကို သုံးတောင်မျှသာရှိသော အဝတ်ဖြင့် ကျွန်မတို့ ထမီဝတ်ခဲ့ကြသည်။ ပြန့်ထမီသည် အကန့်အသတ်နှင့်သာ အသုံးကျခရီးရောက်၏။ စဉ်းစားကြည့်တော့ ခြေလှမ်းလှမ်းလို့ လွယ်အောင် ဒူးဆစ်ဆီမှာ ချိတ်ဖြင့် တွယ်ချိတ်ထားလျှင် လမ်းလျှောက်သည့်အခါ ခြေသလုံးသား ဖွေးဖွေးဟာ မမြင်ချင်မှအဆုံး ဖြစ်လိမ့်မည်။ ခြေသလုံးဖုံးရန်ချိတ်ကို ခြေသလုံးထိဆင်းပြီး တွယ်ချိတ်ထားပြန်တော့ လမ်းလျှောက်သည့်အခါ တုံ့နှေးတုံ့နှေး ဖြစ်မည်။ 

ခြေတလှမ်းကုဋေတသန်းတန်အောင် နှေးကွေးစွာ စိပ်စိပ်လှမ်းနေရမည်။ ပြန့်ထမီ မကောင်းသော ပြစ်ချက်နောက်တခုမှာ အမျိုးသမီး၏ ခါးအောက်ပိုင်း ရှေ့ပိုင်းမြင်ကွင်းကို အဝတ်စနှစ်ထပ်ဖြင့်သာ ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ ဘယ်မှညာသို့ ပတ်သော အပါ်လွှာ၊ တထပ်ဒါပဲ။

ဟိုတုန်းက ပိုးထည်တွေကလည်း အပါးသား မဟုတ်လား။ မပြအပ်သည့်အရာ၏ အရေးအကြာင်းတို့ကို သိပ်ဖုံးကွယ်ပေးနိုင်မည် မထင်ပါ။ 

နောက်ပိုင်းမှာ ကွင်းထမီ၏ ကောင်းကျိုးတွေကြောင့် ခြေလှမ်းရတာ လွယ်ကူသည်။ ခြေလှမ်းတော်တော်ကျဲလိုလျှင် ထမီအထက်ဆင်စကို စုလုံးပြီး ခြေသလုံးပေါ်အောင် တိုတို ဝတ်နိုင်သေး၏။ ရှည်ချင်လျှင် အထက်ဆင်ပိုင်းကို ဖြန့်ပြီး ခြေမျက်စိဖုံးအောင် ဝတ်နိုင်သေး၏။ ကွင်းထမီ၏ ကျွန်မအကြိုက်ဆုံးမှာ ခါးအောက်ပိုင်းရှေ့မြင်ကွင်းကို တော်တော်လုံခြုံအောင် ဖုံးပေးနိုင်ခြင်းပင် ဖြစ်သည်။ စကတ်မှာက အဝတ်စ တလွှာတည်းသာ ဖုံးထားသည်။ စကတ်ထမီမှာ  အောက်လွှာနှင့် အပေါ်လွှာ နှစ်ထပ်ဖြင့်သာဖုံးထားသည်။ ရှေးခေတ်က ပြန့်ထမီမှာ ကွင်းမှာက သုံးထပ်... ဘယ်မှ ညာသို့ပတ်ယူသော အောက်အလွှာ တထပ်၊ ညာမှ ဘယ်သို့ ယူ၍ ချိတ်သောအပေါ်လွှာက နှစ်ထပ် မဟုတ်လား။ အားလုံး သုံးထပ်ပေ့ါ။ ဘယ်လောက် လုံခြုံလိုက်ပါသလဲ။

ယခုတလော မိန်းခလေးတွေ ပါးပါးလှပ်လှပ် ပျော့ပျော့အိအိ အဝတ်စများကို ဂါဝန်ဖြောင့်ဖြောင့် အရှည်ကလေးတွေ စကပ်ကလေးတွေ ချုပ်ဝတ်နေတာ မြင်ရသည်။ အဝတ်အဆင်ကလေးတွေ လှပါရဲ့ ဆန်းပါရဲ့။ တခါတလေ အဝတ်က ပါးလို့လား ချုပ်တဲ့သူက အချိုးမကျလို့လား။ ကိုယ်ခန္ဓာကိုက ထင်ရှားနေလို့လားမသိ၊ ရှေ့မြင်ကွင်းက သိတ်မလှပတာတွေ ကျွန်မ ကြုံရ မြင်ရသည်။ လိင်ဆွဲဆောင်မှုတော့ ဖြစ်စရာမဟုတ်၊ ဟားစရာပဲ ဖြစ်နေမည် ထင်သည်။ ကျွန်မကိုက မိန်းခလေးတွေနှင့် ပတ်သက်ပြီး နည်းနည်းမှ ပြောစရာအကွက် မဖြစ်စေချင်လို့လား မသိ။ မြင်လို့ကတော့ သိတ်မကောင်းတာ အမှန်ပါပဲ။ အပေါ်က တီရှပ်ပွပွ ရှည်ရှည်ကြီးတွေဖုံးပြီး ဝတ်ထားတာမြင်ရလျှင် ကျွန်မ စိတ်ချမ်းသာရလေသည်။ ကျွန်မတို့ဆီမှာ သူတို့နိုင်ငံတွေမှာလို လုပ်ငန်းခွင်မှာ လိ-င်အမြတ်ထုတ်ခံရခြင်း သိတ်မရှိဘူးထင်သည်။ သိတ်မကြားရဘူးဆိုတော့ သိတ်မရှိလို့ ဖြစ်မှာပေ့ါနော်။ သူတို့ဆီမှာတော့ အလုပ်ရှင်က အလုပ်သမကို အသားယူတာ၊ အမြတ်ထုတ်တာ၊ ဆတ်ဆော့တာ၊ မြူဆွယ်ဖျားယောင်းတာ ခဏခဏ ကြားရဖူးသည်။ တရားရုံးတွေမှာ အဲသည်လိုအမှုတွေ အများကြီးပဲဟု ပြောပြပါသည်။ ကျွန်မတို့ဆီက အစိုးရရုံးတွေ ပုဂ္ဂလိကရုံးတွေမှာ အဲဒီ မတော်တရော်အဖြစ်တွေ သိပ်အသံမထွက်လာပေ။ ကျွန်မတို့မိန်းမတွေက သူတို့ဆီက မိန်းမတွေထက် ပိုပြီး အနေအထိုင် ထိန်းချုပ်လို့လား။ ကျွန်မတို့ဆီက မိန်းမတွေက သူတို့ထက်ပိုပြီး ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားကြလို့လား။ သို့မဟုတ် အမှုကို ရဲတိုင်လောက်အောင် သတ္တိမရှိကြလို့လား။ အကြောင်းတော့ အမျိုးမျိုးရှိမှာပေ့ါလေ။

အထည်ချုပ်စက်ရုံက အလုပ်သမားလေးတွေဆီက မကျေနပ်အသံမျိုးတွေတော့ ကျွန်မ တခါတခါ ကြားရဖူးပါရဲ့။ ဒါက ရာခိုင်နှုန်းနှင့်ယှဉ်တော့ သိပ်မရှိပါ။ ဒါကလည်း တချို့က လုပ်ငန်းခွင်မှာ အဆင်မပြေမှာစိုးလို့ အလုပ်လက်မဲ့ ဖြစ်မှာစိုးလို့၊ အရှက်ကွဲမှာစိုးလို့ သည်းညည်းခံ မြိုသိပ်နေခဲ့သည့် အမှုတွေ ဘယ်လောက်များမှန်းမသိ။ ဘတ်စ်ကားပေါ်မှာ မတော်တရော် ထိတွေ့မှုတွေဖြင့် အမျိုးသမီးတွေ အမြတ်ထုတ်ခံနေကြတာရတာကလည်း အရေအတွက်တော့ မနည်းလှပါ၊ သူတို့ တိုင်တောတာတွေလည်း တခါမှ ကျွန်မ မကြုံဖူး မကြားဖူးပါ။ သည်တော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်သည့် လိ-င်ဆိုင်ရာ အမြတ်ထုတ်ခံရမှုများ ဘယ်လောက်များပြားနေခဲ့သလဲ၊ စာရင်းဇယားမှန်းခြေ ကျွန်မတို့ မသိနိူင်ပါ။ မတိုင်ကြဘူးဆိုတော့ သိပ်နစ်နာစွာ အမြတ်ထုတ်ခဲ့ခြင်းမျိုး မဟုတ်လို့ပဲဟု စိတ်ဖြေစရာ ရှိပါသည်။ ဘာဘဲဖြစ်ဖြစ် လမ်းပေါ်မှာ အငှားကားပေါ်မှာ တွေ့ရမည့် ယောင်္ကျားတွေသည် ပြစ်မှုကျုးလွန်ရန် အလားအလာရှိသော (Potential) စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်ကြသည်မှာ အမှန်ပဲ ဖြစ်သည်။ အခြေအနေနှင့် အချိန်အခါ အခွင့်အရေး သင့်တင့်မျှတလျှင် ယိမ်းယိုင်နိုင်စွမ်း ရှိသူများချည်း ဖြစ်သည်မဟုတ်လား။ ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ စိတ်ယိမ်းယိုင်မှု အလားအလာ သိပ်မကွာပေမယ့် ခန္ဓာဗေဒနှင့် ဇီဝရုပ်တည်ဆောက်ပုံ ဇီဝကမ္မ သဘောတရားအရ ယောင်္ကျား၏ စိတ်ယိမ်းယိုင်မှုက ပိုလျင်မြန်သည်ဆိုတာ မိန်းခလေးတွေ သဘောပေါက်ထားသင့်သည်။ ကျွန်မတို့ မသိသော ယောင်္ကျားတွေ၏ မြင့်မြတ်မှုအပေါ် မိမိ၏ လုံခြုံမှုကို ပုံအပ် ယုံကြည်ပစ်လိုက်မည့်အစား မိမိကိုယ်တိုင် ထိန်းချုပ် ရှောင်ကြဉ်ခြင်းခြင့် လုံခြုံမှု ရထားဖို့ မလိုအပ်ဘူးလား။

မိမိ၏ စိတ်ဆန္ဒသဘောတူညီမူမပါဘဲ မိမိ၏လိ-င်အပေါ်မှာ အမြတ်ထုတ် အသားယူခံရသည့်အဖြစ်မှာ ကျွန်မတို့မိန်းခလေးတွေ အတွက် ဆိုးဝါးတဲ့ နစ်နာမှုပဲ။ ဒါထက် ဆိုးတာက ကျွန်မတို့ကလည်း နစ်နာသေးရဲ့ အဲဒီ နစ်နာမှုဟာ ကျွန်မတို့ ဝတ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီလို့ ဖြစ်ရတာပေ့ါဟု စော်ကားသူတွေဘက်က ဆင်ခြေပြနိုင်လောက်အောင်လည်း ကျွန်မတို့မှာ ဟာကွက်တွေ ရှိနေမယ်ဆိုလျှင် ကျွန်မတို့ဘက်မှ နှစ်ခါမနာရပေဘူးလား။ တခါတခါ နိုင်ငံခြား ရုပ်ရှင်မင်းသမီးများ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး ကျွန်မတို့ စိတ်အခန့်မသင့် ဖြစ်ရသည်။ သူတို့က ကျွန်မတို့နှင့် ပြောင်းပြန် ကိုယ်အထက်ပိုင်းကို ဖော်နိုင်သမျှ ဖော်ဖို့ ကြိုးစားတီထွင်ပြကြ၏။ တချို့ဝတ်ထားသည့် အဝတ်အစားတွေက ရင်သားကို နည်းနည်းကလေး ဖုံးသည်ဆိုရုံကလေး ဖုံးဟန် ပြထားသည့် ပုံစံမျိုး။ ဖြစ်မှဖြစ်ရလေ ဒါဆိုလည်း ဝတ်မနေပါနဲ့တော့ တခါတည်း ချွတ်ပဲထားလိုက်ပါတော့လား ... ဟု ကျွန်မ ရေရွတ်မိသည်အထိ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည်။

ဘာကြောင့်များ မိမိနှင့် မသက်ဆိုင်သည့် ယောင်္ကျားအားလုံးကို ပြချင်ရတာလဲ။ မိန်းမတွေရဲ့ အဲဒီစိတ်ဟာ တော်တော် ထူးဆန်းတာပဲ ... ဟု ကျွန်မ နားမလည်နိုင်အောင် ဖြစ်မိသည်။ အဲဒီလို မိန်းမတွေဟာ ယောင်္ကျားနှင့် မိန်းမ တန်းတူအခွင့်အရေးရော လိုချင်ရဲ့လား၊ ယောင်္ကျား၏ ဉာဏ်ရည်ကို ရင်ဘောင်တန်း အမှီလိုက်နိုင်သည့် ဉာဏ်ရည်မျိုးတွေရော လိုချင်ရဲ့လား။ မိမိ၏ မိန်းမဆန်ဆန် လှပနွဲ့နှောင်းမှု ခန္ဓာ၏ လိ-င်ခွန်အားကိုသာ အဓိက တန်ဖိုးထားသူများ ဖြစ်လေသလား။ ကိုယ့်ကိုကိုယ် ချစ်သည့် (Narcissus) အမျိုးအစားအဖြစ် သတ်မှတ်ရမလား။

ရုပ်မြင်သံကြားမှာ ရုပ်ရှင်မှာ အဲလို မိန်းမမျိုးတွေက အလှအပကို မတော်တရော်ပြ၊ သူတို့ကိုယ်တိုင်ကျတော့ လမ်းပေါ်မှာ လုပ်ငန်းခွင်မှာ လျှောက်သွားနေရတာ မဟုတ်၊ လုံခြုံရေးအစောင့်တွေနှင့် အလုံပိတ် အဖိုးတန်ကားတွေနှင့် လုံခြုံရေးစနစ် ကောင်းကောင်းဖြင့် စောင့်ရှောက်ကာကွယ်ထားသော အိမ်ကြီးတွေနှင့် လုံခြုံလို့။ သူတို့ကိုကြည့်ပြီး မတော်တရော်စိတ်တွေ ထကုန်မယ့် ယောင်္ကျားတချို့ကို သူတို့ ကြုံကြိုက်ရင်ဆိုင်ရမှာ မဟုတ်၊ အဲသည် Potential ယောင်္ကျားတွေကို လျှပ်စစ်ကူးအောင် သူတို့က ဖန်တီးပေးလိုက်မိပြီ ဆိုတာလည်း အသိဝင်စရာ မလိုပေ။ အဲဒီယောင်္ကျားတွေကို ကြုံကြိုက်ရင်ဆိုင်ရသည်က သာမန် အမျိုးသမီးကလေးတွေ ...။ အလုပ်ခွင်မှာ ...၊  ဘတ်စကားပေါ်မှာ ...၊ မြေအောက်ရထားဘူတာရုံမှာ နေ့စဉ်အမျှ ရုန်းကန် လှုပ်ရှားနေကြသည့် မိန်းကလေးတွေ ...။ သူတို့လေးတွေကသာ ထိုယောင်္ကျား အမျိုးအစားအတွက် သားကောင်တွေ ဖြစ်ရသည်။ သူတို့လေးတွေမှာ ဘော်ဒီဂတ် မရှိပါ။ လက်န-က်ကိုင် လုံခြုံရေးအစောင့် မရှိပါ။ အဖိုးတန်ကားကြီးတွေ မရှိပါ။

သူတို့လေးတွေကသာ ထိုယောင်္ကျားတွေ၊ လမ်းပေါ်မှာလည်း ယောင်္ကျားတွေ၊ မြေအောက်ရထားဘူတာရုံမှာ၊ ရထားတွဲထဲမှာလည်း ယောင်္ကျားတွေ ..... မိမိ တိုက်ခန်းအဝင် စင်္ကြန် ဟိုဘက် သည်ဘက်တွေမှာလည်း ယောင်္ကျားတွေ ...။ သည့်ထက် လုံခြုံသည့် တိုက်ခန်းသို့လည်း ငွေကြေး အခြေအနေရ မပြောင်းနိုင်။ သူတို့အတွက် ဘာကို အကာအကွယ် ယူရမှာလဲ။ အဲသည်အခါမျိုးမှာ မိမိဘေးအတွက် ယောင်္ကျားတို့၏ မြင့်မြတ်မှုကို အားကိုးယုံကြည်ထားရရုံပဲလား။ တခြား ဘာနည်းတွေများ ရှိသေးလို့လဲ။ ကျွန်မတို့ မိန်းမတွေမှာ နူးညံ့ပျော့ပြောင်းမှုအရ၊ ကိုယ်ခန္ဓာ၏ တည်ဆောက်ပုံ သဘာဝအရ ယောင်္ကျားတွေ၏ သားကောင်ဘဝသို့ ရောက်နေကြပြီးသားပါ။ 

ကျွန်မတို့ဟာ သူတို့ရဲ့ သားကောင်ပါလား... ဟူသည့် အမြင်မျိုး သူတို့မှာ ပျောက်ကွယ်သွားအောင် ဒါမှမဟုတ် တတ်နိုင်သမျှ သူတို့ မေ့ထားလို့ရအောင် ကျွန်မတို့က နည်းမျိုးစုံဖြင့် ရှောင်တိမ်းကာကွယ်နေမှ ဖြစ်မည်။ သူတို့နှင့် ဉာဏ်ရည်တူအောင် အရည်အချင်းတူအောင် ကိုယ့်ကို လေးစားလာအောင် ကျွန်မတို့ လုပ်နိုင်တာပဲ။ ကိုယ်ခန္ဓာအလှအပ၊ အသားအရည် နူးညံ့မှု စသည်တို့ဖြင့် ဆွဲဆောင်စရာ အဖြစ်မျိုးတွေ တခါနှစ်ခါ တယောက်နှစ်ယောက်နှင့်တော့ ကြုံရမှာပေါ့။ တော်ပြီပေ့ါ။ ဘာဖြစ်လို့ ဒီလက်န-က်တွေကိုချည်း အရေးတယူ ထုတ်သုံးနေရသလဲ။ တခြားလက်န-က်တွေ မရှိလို့များလား။ အဲဒီ ဓါတ်ပုံဆရာ ကြော်ငြာဒါရိုက်တာတွေက ယောင်္ကျားချည်ပဲမို့ ယောင်္ကျားတွေရဲ့ အကြိုက်ကို သိတတ်စွာ ဖြည့်ဆည်းပေးနေကြတာလား။

ကျွန်မ အူကြောင်ကြောင် စဉ်းစားကြည့်လိုက်တိုင်း ဦးနှောက်တွေ ခြောက်ခြားသွားသည်။ သေချာတာတခုကတော့ ကျွန်မ တယောက်ထဲ အတွေးတွေခေါင်နေခြင်း ဖြစ်ရမည်။ ကမ္ဘာလောကကြီးကတော့ သာယာလို့၊ လှပ...လို့၊ ယောင်္ကျားတွေနှင့် မိန်းမတွေကလည်း အပေးအယူတွေမျှလို့၊ အနုပညာဖန်တီးသူနှင့် ခံစားသူ ပြေလည်လို့၊ အားလုံး ချောမွေ့လျက် ရှိသည်။

---

#ဂျူး
#မတော်တရော်

#sbla
#shared_by_louis_augustine

Comments