စီးဖူးတာချင်း ပြိုင်ချင်တယ် // အဏ္ဏဝါစိုးမိုး

စီးဖူးတာချင်း ပြိုင်ချင်တယ် // အဏ္ဏဝါစိုးမိုး

(ရွှေမြင်သာဂျာနယ်၊ အတွဲ ( ၄ )၊ အမှတ် ( ၈ )၊ ၁၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၀၃ ခုနှစ်။)

---

ဆရာအီကြာကွေးခေါ် ဂုရုကွေး၊ လောင်စီကွေး၊ အီကွေလျားကြီးသည် အလွန် ကြွားသူဖြစ်သည်။ သူသည် အလွန် အေးချမ်းသော မဟာသန္တိ သုခ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုသည်။ သူများတွေလို ဘယ်မှာ သိန်း ၅၀ ပါသွားလို့၊ ဘယ်မှာ သိန်း ၁ဝဝ ထားမိလို့ သောက ဖြစ်နေရတယ်၊ ပူနေရတယ် ဆိုတာမျိုး မရှိလို့ အေးချမ်းသည်ဟု ဆိုပါသည်။ လက်ထဲမှာ ပိုက်ဆံတပြားမှမရှိဘဲ သိန်းငါးဆယ်တန် ဘုရားတန်ဆောင်းကြီးတခုကို ဓနုဖြူမြို့မှာ လှူထားပြီးပြီဟုဆိုသည်။ 

ပိုက်ဆံတပြားမှ မရှိသော်လည်း ကားမျိုးစုံကို သူစီးဖူးတယ်ဟု ကြွားပြန်သည်။ လိုင်းဘတ်စ်ကားမျိုးစုံတွေထဲက သစ်သားဘော်ဒီ တင်ထားသည့် အမေရိကန်လုပ် ချက်ဗလက် ခေါင်းတိုက စပြီး သံဘော်ဒီ တင်ထားသည့် ဒေါ့ဂျစ်၊ ဂျပန်လုပ် စစ်လျော်ကြေးရ ဟီးနိုး၊ ကိုရီးယားလုပ် ဒေဝူးနှင့် ဟွန်ဒိုင်းကားကြီး တွေကို စီးဖူးသည်ဟု ဆိုသည်။ သုံးဘီးနှင့် လေးဘီးကားတွေ ခေတ်မှာလည်း ဗွက်ပေါက်အောင်စီးခဲ့ဖူးသည်ဟုဆိုသည်။

သူဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတာကတော့ ဒီဘက်ခေတ်မှာ ပေါ်လာသည့် ဆလွန်းကားမျိုးစုံကို သူစီးဖူးတယ်ဆိုတာပဲ ဖြစ်သည်။ ကိုအဏ္ဏဝါရဲ့ ကိုရိုနာ၊ သောကြာ အယ်ဒီတာ ဆရာဝေသာရဲ့ စူပါရု၊ ဆရာဆွေမင်း ( ဓနုဖြူ )၊ တွတ်ပီရဲ့ တောင်းအေ့စ်၊ စာအုပ်ဖြန့်ချိရေးဆရာ ကိုအတီးရဲ့ ပတ်ပလစ်ကာ၊ ဆရာမင်းသိင်္ခရဲ့ ပါဂျရို အထိတောင် စီးဖူးတယ် ဆိုပါသည်။ ဖြစ်တော့ ဖြစ်နိုင်သည်။ ကားပိုင်ရှင်တွေအားလုံးသည် ဂုရုကွေး၏ ဘော်ဒါတွေ ဖြစ်နေသည်။ ဂုရုကွေးသည် လမ်းမှာ တွေ့သမျှ သူ့ဘော်ဒါတွေ၏ ကားတွေကို ရပ်ခိုင်းပြီး ကပ်စီးနေသူဖြစ်သည်။ သူနေထိုင်သည့် တောင်ဥက္ကလာ၊ မင်္ဂလာလမ်းထဲက လူတွေက သူ့ကို ဦးကပ်စီးလို့ ခေါ်ကြသည်။

ဂုရုကွေးက အဲဒီလောက် ကြွားနေတော့ ကိုအဏ္ဏဝါကလည်း အားကျမခံ ကြွားချင်စိတ် ပေါက်လာသည်။ ကိုအဏ္ဏဝါသည်လည်း သင်္ဘောသားမဖြစ်မီက ဂုရုကွေးနှင့် ဘဝတူ လူတန်းစားဖြစ်၍ ဂုရုကွေးကြီး စီးဖူးခဲ့သည့် သစ်သားဘော်ဒီတင် ချက်ဗလက်ခေါင်းတိုကစပြီး ဘတ်စ်ကားမျိုးစုံကို စီးခဲ့ဖူးပါသည်။ ကိုအဏ္ဏဝါက သာကေတမြို့သားဖြစ်လို့ ဘတ်စ်ကားမျိုးစုံ အတွေ့အကြုံမှာတော့ ဂုရုကွေး ထက် မသာရင်သာရှိရမည်။ အဆင့်မနိမ့်ဟု ပြောရဲသည်။ 

မြန်မာပြည်က မော်တော်ကား သမိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သုံးဘီးကားစီးဖူးသည့် ကိစ္စမှာလည်း ဂုရုကွေးထက် ကိုအဏ္ဏဝါ ကတောင် သာ နိုင်သည်။ ပုဇွန်တောင်မှ သာကေတကို သုံးဘီးကားခ သုံးကျပ်သာ ပေးရသည့် ခေတ်ကစပြီး စီးခဲ့ဖူးသည်။ ပုဇွန်တောင် ပန်းခြံထောင့် အရက်ဆိုင်မှာ ရေချိန်လွန် သွားလို့ ညကြီးပိုင်းမှာ ငှားမှ ငါးကျပ်သာ ပေးရသည်။ သာကေတမြို့ကြီး တည်ခါစ၊ ဖဆပလ ခေတ်မှာ အလီမူလာရပ်ကွက်ကြီးကလည်း သာကေတကို ပြောင်းလာသည်။ သာကေတမြို့မှာ လာကကြသည့် အငြိမ့်တွေက လူရွှင်တော် တွေက

( မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွနေပြည်၊ ဝေသီခေါင်လွင့် မြင့်မြင့် မားမား တင့်ကြွားဟန်တည် တင့်ကြွားဟန်ချီ၊ ထန်းပင် ထန်းလက် ထန်းရွက် ညီညီ၊ ကျိုက်မရောမြို့ဟာ သာယာလှပါသည် )

ဆိုတဲ့ သီချင်းကို

( မောင်တို့ဌာနီ သာကေတ သာလှပေသည်၊ သာလှပေသည်၊ ဝေလီဝေလင်း သုံးဘီးကားတွေ ဝင်သွားပြန်ပြီ ထွက်သွားပြန်ပြီ၊ အုန်းပင် အုန်းလက် အုန်းရွက်ညီညီ၊ ကိုကိုးကျွန်း ပမာ သာယာလှပါသည် )

လို့ ဖျက်ဆိုခဲ့ကြသည်အထိ သုံးဘီးကားတွေ ပေါခဲ့ ပါသည်။ ဒါလောက်ဆိုလျှင် သာကေတမြို့သား ကိုအဏ္ဏဝါနှင့် သုံးဘီးကား ဘယ်လောက်ထိ ရင်းနှီးဆက်ဆံခဲ့ဖူးတယ်ဆိုတာ သိနိုင်လောက်ပါသည်။

ကိုအဏ္ဏဝါ သင်္ဘောသားဖြစ်လာတော့ ပထမဦးဆုံးတင်သွင်းခဲ့တာ ဟိုက်လပ်အာအင် ၄၅ ဖြစ်သည်။ ကျေနပ်အောင်စီးပြီးမှ ပြန်ရောင်းလိုက်သည်။ နောက်ထပ်သွင်းတဲ့ကားတွေက ဆန်နီပစ်ကပ်၊ ဒိုင်နာ၊ စူပါရု၊ အက်စ်အီးဆလွန်း၊ ပါပလစ်ကာ၊ ကိုရိုနာကားတွေ တင်သွင်းခဲ့သည်။ စီးဖူးတယ်ရှိအောင် စီးကြည့် ပြီးမှ ပြန်ရောင်းသည်ချည်းဖြစ်သည်။ အဲဒီတော့ ဇိမ်ခံကား စီးဖူးတာချင်းမှာ လည်း ဂုရုကွေးထက် မသာတောင် အဆင့်မနိမ့်ဟု ပြောနိုင်မည် ထင်ပါသည်။ 

ဒီအတိုင်းသာဆိုလျှင် ကိုအဏ္ဏဝါနှင့် ဂုရုကွေးတို့ စက်တပ်ယာဉ်အမျိုးမျိုး စီးဖူးတာချင်းမှာ သူမသာ ကိုယ်မသာ၊ လက်ရည်တူဖြစ်ပြီး သရေကျနေသည်။ ကိုအဏ္ဏဝါကသာသည်လို့ ယူဆနိုင်စရာရှိသည့် စက်တပ်ယာဉ်တမျိုးကိုသာ စီးဖူးတာ သတိရလာသည်။ ကိုအဏ္ဏဝါတို့ဒေသက ရေကျော်ရွာ စာပေဟောပြောပွဲကို သွားကြစဉ်က စီးခဲ့ဖူးတာဖြစ်သည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ရေကျော်ရွာမှာ ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲကို ဆရာမနုနုရည် ( အင်းဝ )၊ ဆရာကောင်းသန့်၊ ဆရာမှော်ဝန်းကြည် မြတ်၊ ဆရာမောင်သီလ၊ ဆရာမောင်နန္ဒတို့နှင့်အတူ ကိုအဏ္ဏဝါလိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။ ရေကျော်ရွာသည် မော်တော်ကားလမ်းမှ သုံးမိုင်မျှဝေးသည့် တောင်ခြေကမ်းစပ်မှာရှိသည်။ ကု|လားပြင် အထက်ရွာနှင့် အောက်ရွာ ကိုဖြတ်ပြီး ရွာတွေအထွက်မှာ တောင်လှဘုရားကွင်းကို ဖြတ်ရသေးသည်။ ရေကျော်ရွာ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ကြိုဆိုသူများသည် ထော်လာဂျီဖြင့် ကု|လားပြင် အထက်ရွာ ကားဂိတ်မှာ လာကြိုနေကြသည်။ စာရေးဆရာတွေနှင့် အထုပ်အပိုးတွေကို ထော်လာဂျီဖြင့် တင်ခေါ်သွားခဲ့၍ ထော်လာဂျီစီးဖူးသည်။

ဂုရုကွေးသည် ထော်လာဂျီ စီးဖူးသလား၊ မစီးဖူးသလား မသိပါ။ မစီးဖူး ပါက ဂုရုကွေးထက် ကိုအဏ္ဏဝါက နှာတဖျားသာသွားပြီဖြစ်သည်။ ဒါပေမဲ့ မသေချာသော ကိစ္စဖြစ်သည်။ ဂုရုကွေးသည် မြန်မာပြည်အနှံ့အပြားက စာပေ ဟောပြောပွဲပေါင်း များစွာကို လိုက်ဟောနေသူ ဖြစ်၍ ထော်လာဂျီစီးဖူးသူ ဖြစ် နိုင်သည်။ စီးဖူးတာကို ကြွားသည့်အထဲမှာ ထော်လာဂျီစီးဖူးတာကို ထည့်ကြွားလို့ မသင့်လျော်သည့်အတွက် အသံတိတ်နေတာ ဖြစ်နိုင်သည်။ အဲဒီတော့ လိုရမည်ရ သူ့ထက်သာအောင် ဘာကိုများ စီးဖူးတာ ရှိသေးလဲ စဉ်းစားရတော့သည်။

သတိရပြီ။ သာကေတမြို့တည်စက ကိုအဏ္ဏဝါတို့ အပေါင်းအသင်းတွေထဲက ဆိုက်ကားတင်သောင်းရဲ့ မိန်းမ သေသည်။ ကိုအဏ္ဏဝါတို့ လူစုက ဘော်ဒါ စိတ်ဖြင့် နာရေးဝိုင်းကူကြသည်။ ကိုယ့်လူရဲ့ကိစ္စမှာ မျက်နှာမငယ်ရအောင် ၇၅ ကျပ်တန်ခေါင်းတလုံးနှင့် ၁၅၀ ကျပ်တန် နိဗ္ဗာန်ယာဉ်ဖြင့် အသုဘ ချနိုင်အောင် ကူညီခဲ့ကြခြင်းဖြစ်သည်။ ခေါင်းက ဆပ်ပြာသေတ္တာ အဆင့်သာရှိသည်။ နိဗ္ဗာန်ယာဉ်ကလည်း ရေမဆေးဘဲထားသည့် စည်ပင်က အမှိုက်သယ် ကားထက် ပိုပြီး အကြည့်ရဆိုးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အမှိုက်ပုံမှာ ပစ်ထားခဲ့သော ချက်ဗလက်ခေါင်းရှည်ကားကို သင်္ဘောဆေးအဖြူသုတ်ပြီး လိမ့်သွားရုံလေး လက်ပူတိုက်ထားသော ကားစုတ်ကြီးဖြစ်သည်။ ဆေးပြန်မသုတ်နိုင်တော့လို့ သံချေးတွေတက်နေသည်။ ဘေးကာသံပြားတွေ ဂဟေပြုတ်ပြီး ကွာနေသည်။ တံခါးနှစ်ချပ်က ပိတ်မရလို့ ဘေးကိုတွဲကျနေသည်။ တင်သောင်းရဲ့ မယား အလောင်းကိုယူဖို့လာတာဟာ သားပေါက်ကြက်မကြီး အီးပါရင်း လမ်းလျှောက် သလို အိပဲ့အိပဲ့ ဖြစ်လာသည်။

အသုဘမြေမြှုပ်ပြီးလို့ သုသာန်ကပြန်အထွက်မှာ ဗွက်နစ်နေသည့် နိဗ္ဗာန် ယာဉ်ကို ဝိုင်းတွန်းကြသည်။ ဗွက်နစ်ပြီးတော့ စက်ပျက်ပြန်သည်။ တွန်းနှိုးကြသည်။ စက်ကမနိုး၊ အသုဘလိုက်ပို့သူတွေ အားလုံးလောက်နီးပါး ပြန်သွားကြသော်လည်း တင်သောင်းနှင့် ကိုအဏ္ဏဝါတို့ ဘော်ဒါတစုသာ နိဗ္ဗာန်ယာဉ် တွန်းရန် ကျန်နေခဲ့ကြသည်။ စက်နိုးတယ်ဆိုရင်ပဲ ယာဉ်မောင်းဆရာက ကိုအဏ္ဏဝါ တို့လူစုကို ကားပေါ်တက်လိုက်ခဲ့ကြပါလားလို့ လောကွတ် လုပ်သည့်အနေဖြင့် ပြောသည်။ လမ်းလျှောက်ရမှာ ပျင်းသည့် ကိုအဏ္ဏဝါတို့ကလည်း နိဗ္ဗာန်ယာဉ် ပေါ်တက်ပြီး စီးလိုက်ခဲ့ကြသည်။

ကဲ ... ဂုရုကြီး၊ ခင်ဗျား စီးဖူးခဲ့တဲ့ ယာဉ်တွေထဲမှာ နိဗ္ဗာန်ယာဉ်ပါသလား၊ ပြန်စဉ်းစားပြီး ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေတော့။ အနိုင်မခံ အရှုံးမပေး ချင်ဘူးဆိုရင်တော့ စီးဖူးတယ်ရှိအောင် ကြိုးစားပေါ့ဗျာ။

---

#အဏ္ဏဝါစိုးမိုး
#စီးဖူးတာချင်းပြိုင်ချင်တယ်

#shared_by_louis_augustine
#sbla

Comments