ကံ // ခင်နှင်းယု
ကံ // ခင်နှင်းယု
(ရှုမဝ၊ အတွဲ (၁၂)၊ အမှတ် (၁၃၅)၊ ဩဂုတ်လ၊ ၁၉၅၈။
ခင်နှင်းယု ၏ လက်ရွေးစင်ဝတ္ထုတိုများ (၁၉၅၂-၁၉၉၆))
—-
ထုကြီးထည်ကြီးနှင့် အခြေအနေတောင့်တင်းခိုင်မာပါလျှက်နှင့် အညို့အပေါ်တွင် ဘာကြောင့်အနိုင်မရသည်ကို ပဂ္ဂီသည် ယခုထက်တိုင် တွေးခေါ်၍မရပေ။
တကယ်တော့ ပဂ္ဂီနှင့်အညိုတို့၏အခြေအနေအရပ်ရပ်သည် မယှဉ်သာအောင် ကွာခြားကြသည်။ သို့သော် ပဂ္ဂီသည် အစဉ် အရေးရှုံးနိမ့်လျက်ရှိသည်။
အသက်အားဖြင့်သာ ပဂ္ဂီက လပိုင်းလောက်ကြီးပေမည်။ သူ မှတ်မိသလောက်အရွယ်ကတည်းက ကမာရွတ်ဘက်တွင် အညိုနှင့် ခြံချင်းယှဉ်လျက် နေခဲ့ကြသည်။ သူတို့တိုက်သည် မြင့်မားသော နှစ်ထပ်တိုက်ကြီးဖြစ်ရုံမက တိုက်နောက်တွင် နှစ်ဧကမျှရှိသော မြေကျယ်ကြီးတွင် စားပင်သောက်ပင်တို့ စိုက်ပျိုးလျက်ရှိသည်။ တိုက်ရှေ့တွင် မြက်ခင်းစိမ်းစိမ်းကို ဝန်းရံ၍ စိုက်ထားသော ပန်းခင်းတို့မှာ ကြည့်မဆုံးအောင် လှပပေသည်။ အိမ်ရှေ့ပန်းခင်းအတွက်ပင် မာလီနှစ်ယောက် ထားရှိပေသည်။
ပဂ္ဂီသည် ခရစ်ယာန်သာသနာပြုကျောင်းကြီးတခုတွင် ငယ်ကတည်းက နေလာခဲ့သည်။ ကျောင်းသွားတိုင်း ပဂ္ဂီစီးခဲ့သော ကားတို့မှာ အခန့်စားကားများသာဖြစ်ခဲ့သည်။ ယခု လက်ထပ်ပြီးမှ နောက်ဆုံးလဲသောကားမှာ ရို့စ်ရွိုက်မီးခိုးရောင်ကားကြီးဖြစ်ပေသည်။ သူ့ဖခင် စက်ရှင်မင်းကြီးက အငြိမ်းစားယူပြီးသည့်နောက်တွင်ပင် ပဂ္ဂီကို သီးခြားနေခွင့်မပေးပေ။ မိသားစု အတူတူပင် နေခဲ့သည်။ ပဂ္ဂီတွင် သူ့ထက်အကြီး မာသာနှင့် အငယ် အလ်မာတို့ ရှိသေးသည်။
အညိုတို့၏ခြံဝင်းမှာ တဧကမျှ ကျယ်မည်ဖြစ်သော်လည်း တိုက်အိမ်မှာမူ တထပ်တိုက်ပုကလေးမျှသာ ဖြစ်သည်။ အညို့အဖေသည် ထင်ရှားသူလေလား၊ မထင်ရှားသူပေပဲလား သူလည်းမသိ၊ အညိုလည်းမသိ၊ အညိုအရွယ်မရောက်ခင်က အညို၏အဖေသည် အညိုတို့သားအမိကို ခွဲသွားသည်ဟု ဆိုသည်။ လစဉ် အညို့ကျောင်းစရိတ်အတွက် အဖေ့ထံမှ ငွေပို့သော်လည်း အညိုသည် သူ့ဖခင်ကို ယခုထက်တိုင် မမြင်ဖူးပေ။
အညို၏အမေကမူ အဖွားဆီမှရရှိသောအမွေကို ငွေတိုးပေးစားသည်ဆို၏။ အညိုတို့၏စီးပွားရေးအခြေအနေက ဒါပဲဖြစ်၏။ အညို၏အိမ်ရှေ့ပန်းခင်းသည်လည်း စည်စည်ပင်ပင်မရှိလှ။ အိမ်စောင့်အဘိုးကြီးသည် ညဉ့်တွင် အိမ်စောင့်ပေးကာ နံနက်ခင်းတွင် ပန်းခင်းကို ရှင်းလင်းပေးတတ်သည်။ တခါတရံတွင် အညိုတို့သားအမိ ပန်းခြံအတွင်းတွင်ဆင်း၍ မြက်နှုတ်နေသည်ကို တွေ့ရပေသည်။
အညိုသည် စစ်မဖြစ်ခင်ကတော့ အော်စတင်နံပါတ် ၁၀ ကားလေးကို စီး၍ ကျောင်းတက်သေးသည်။ စစ်ပြီးသည့်နောက် ငွေရေးကြေးရေးအခြေအနေ မကောင်း၍လားမသိ။ အညိုမှာ ခြေကျင်လျှောက်ကာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ တက်ရပေသည်။
ကျောင်းချင်းမတူကြသော်လည်း ညနေတွင်တော့ နှစ်ယောက်ဆုံမိကြသည်။ တခါတရံ အင်းစိန်လမ်းပေါ်ကို ညီအစ်မတစုနှင့် အညိုတို့ လမ်းလျှောက်ထွက်ကြကာ တခါတရံတွင် ပဂ္ဂီတို့ခြံကျယ်ကြီးထဲသို့ပင် လှည့်ပတ်၍လျှောက်ကြသည်။
ဤသို့ လမ်းလျှောက်ကြသည့်အခါတိုင်းတွင်လည်း တခါတလေ တက္ကသိုလ်ကျောင်းသားလေးတစုနှင့် လမ်းမှာ ဆုံတတ်သည်။ ထိုအခါတွင် ထိုကျောင်းသားတို့၏မျက်လုံးများသည် အညို့အပေါ်တွင်သာ ဝဲ၍ သွားကြသည်ဟု ပဂ္ဂီက ထင်သည်။
တကယ်တော့ အညိုကာ ဘာမျှချောသူမဟုတ်။ ပြင်ဆင်ပုံကလည်း ဘာမျှမထူးခြားပေ။ အသားက ညိုလိုက်ပြန်သေး၍ အဝေးကကြည့် မစားသော ရုပ်မျိုးဖြစ်သည်။ ပဂ္ဂီတို့ညီအစ်မသုံးဖော်သည် လုံချည်အမြဲဆင်တူဝတ်သည်။ ပဂ္ဂီသည် နှုတ်ခမ်းဆိုးတာချင်း အညိုနှင့်တူသော်လည်း ဆံပင်ကောက်ပုံ၊ ပုံကျပုံ၊ အဝေးအမြင်တွင် ထင်းခနဲ နေသည်မှာ ပဂ္ဂီသာဖြစ်ပါလျက်နှင့် ဘာကြောင့် သူငယ်လေးများသည် အညို့မျက်နှာပေါ်တွင် မျက်လုံးဝဲသွားပါသနည်း။ သူသည် ရင်မို့မို့နှင့် ပေါင်တံသွယ်ရုံမက တင်ပါးကျလည်း လှပေသည်။ အညိုသည် ညှက်သည် မဆိုရုံလေးသာရှိ၍ လှပထွားကျိုင်းသူမဟုတ်ပေ။ သို့သော် အညို့မျက်နှာသည် မကြည့်ရက်လောက်အောင်တော့လည်း အရုပ်ဆိုးသူမဟုတ်ပေ။
လွန်ခဲ့သော သုံးနှစ်က အညို မက်ထရစ်အောင်သွားသောအခါတွင်မူ ပဂ္ဂီမှာ ဆွေ့ဆွေ့ခုန်တော့သည်။ သိသိချင်းနေ့ကမူ ပဂ္ဂီက ယုံပင်မယုံပေ။
" အင်္ဂလိပ်စကားပြောရင်လည်း ခွေးအကြီး လှည်းဘီးနင်းမိသလိုလို ထစ်အဲထစ်အဲနဲ့၊ ပြီးတော့ ဒါလောက် ကသီလင်တ ကျောင်းတက်နေရတာ၊ အညိုအောင်တယ်ဆိုတာ ငါမယုံဘူး " ဟု ဆို၏။
ပဂ္ဂီမယုံလျှင်လည်း မယုံစရာပဲ၊ ပဂ္ဂီသည် အင်္ဂလိပ်လိုပြောလျှင် အင်မတန်လှလှပပ ပြောဆိုတတ်ရုံမက လေယူလေသိမ်းမှာ ချီးကျူးလောက်ပေသည်။ အိမ်မှာလည်း ကျူရှင်ဆရာမနှင့် သီးသန့်သင်သေးပါရက်နှင့် အညိုက အောင်သွားကာ သူ ကျန်ရစ်သည်ကို ဆွေ့ဆွေ့ခုန်မိသည်။ အလ်မာက အောင်စာရင်းကို လာပြသောအခါတွင်မှ ပဂ္ဂီသည် ဟင်းချတော့သည်။
တက္ကသိုလ်တွင် အညိုတယောက် အိုင်အေအောင်သွားသော်လည်း ပဂ္ဂီသည် ယခုထက်တိုင် မက်ထရစ်မအောင်သေးပေ။ သို့သော် ညနေလမ်းလျှောက်ချိန် ကောင်ကလေးတစုနှင့် တွေ့လျှင်မူ ပဂ္ဂီသည် အသံမြှင့်၍ သူတို့အချင်းချင် အင်္ဂလိပ်လို ပြောတုန်းပင်ဖြစ်သည်။
" ဘာပဲပြောပြော၊ အညိုထက်တော့ ငါ အင်္ဂလိပ်စကားပြော သာတယ် "ဟု သူ့ကိုယ်သူ စိတ်တင်းလိုက်ပြန်သည်။
သူ လက်ထပ်ရမည့်သူနှင့် အညိုအား မိတ်ဆက်ပေးသည့်နေ့တုန်းကလည်း သူက အင်္ဂလိပ်လို မိတ်ဆက်ပေး၏။ သူတို့နှစ်ယောက်က အင်္ဂလိပ်လို သွက်သွက်လက်လက်ပြောသော်လည်း အညိုက အင်းတလုံး အဲတလုံးဖြစ်နေသည်ကို သူ သဘောကျလိုက်သည်။
ပဂ္ဂီသည် အညိုထက် တနှစ်စော၍ လက်ထပ်သည်။ အညိုက ဘီအေနောက်ဆုံးနှစ်ရောက်မှ လက်ထပ်လိုက်သည်။
ကာယကံရှင်ဖြစ်သော အညိုကိုယ်တိုင်က သူ့လက်ထပ်ပွဲကို စိတ်ဝင်စားလေသလား၊ မဝင်စားလေသလားတော့မသိ။ ပဂ္ဂီမှာတော့ အမြဲသတင်းမေးရ၏။
အညိုတို့အိမ်မှ ထမင်းချက် မပန်းမယ်မှာ ခဏ ခဏဆိုသလို ပဂ္ဂီတို့အိမ်ကို လာတတ်သည်။ မပန်းမယ်ထံမှ အညိုယူမည့်လူအကြောင်း၊ မင်္ဂလာဆောင်အခမ်းအနားကို ဘယ်လိုလုပ်မည့်အကြောင်း မေးရ၏။
မပန်းမယ်က စည်စည်ပင်ပင်ပြောပြပြန်လျှင်လည်း သူ့မှာ စိတ်မောပြန်သည်။
" ဒီသူငယ်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဒီအိမ်ဝင်ထွက်နေတာ၊ သုံးနှစ်သုံးမိုးစောင့်တယ်ဆိုတာ ဒီသူငယ်မျိုး ထင်ပါရဲ့ကွယ်၊ နယ်ပိုင်အဖြစ် နယ်ပြောင်းသွားရတုန်းကလဲ ရန်ကုန်ရောက်တယ်ဆို သူ့ကားလေးနဲ့ ပြေးလာတာပဲ။ အခုတော့ အတွင်းဝန်ရုံး ပြောင်းလာရသတဲ့။ ဒါတောင် အညိုက ဘီအေအောင်မှ လက်ထပ်ချင်တာ။ အညို့အမေက ကောင်းကောင်းမမာ၊ ကောင်လေးကလဲ သိပ်ပူဆာလို့ လက်ထပ်ဖို့ အညိုက သဘောတူလိုက်ရတာ "
" သူ့နာမည်က ဘယ်သူတဲ့လဲ "
" မောင်တင်မောင် တဲ့ "
ပဂ္ဂီသည် စိတ်မသက်သာဖြစ်ရပြန်သည်။ တကယ်ဆို သူသည် မင်းကြီးသမီး။ ရုပ်လည်းချော၊ ငွေလည်း ပေါသူဖြစ်၏။ သူရသော လင်မှာ အညိုထက်တော့ သာသင့်သည်။ ခုတော့ အညိုရသူမှာလည်း အတွင်းဝန်လေး၊ သူ ရသူမှာလည်း အတွင်းဝန်လေးပင်ဖြစ်၏။ ယခုလို တူတူချင်းဆိုလျှင် ပဂ္ဂီအတွက် စိတ်သက်သာဖွယ်ရှိသေးသည်။ ဒါပေမင့် ကိုတင်မောင်က အညို့ကို သုံးနှစ်သုံးမိုးစောင့်၍ ဒူးထောက်တောင်းခံယူရသည်ဟု ကြားရသောအခါ သူ့အဖြစ်ကို စိတ်နာလှသည်။ သူရှုံးပြန်လေပြီ။
သူ့မှာ ဘာကြောင့်မှန်းမသိ၊ ကိုဝင်းမောင်ကို လက်မထပ်ခင်က သူတို့ညီအစ်မသုံးယောက် ကိုဝင်းမောင်၏နှမများကို သွား၍ပြရသည်။ ထိုနေ့ကို ပြန်တွေးမိသောအခါ အလိုလို ရှက်၍လာသည်။ ကိုဝင်းမောင်တို့အိမ်မှာ အကြောင်းမရှိအကြောင်းရှာလုပ်ရသော လက်ဘက်ရည်ပွဲသို့ သူတို့ညီအစ်မသုံးယောက် သွားရ၏။ မသွားခင်ကတည်းက ထိုလက်ဖက်ရည်ပွဲတွင် ကိုဝင်းမောင်က သူတို့ညီအစ်မသုံးယောက်ထဲမှ ကြိုက်ရာရွေးမည်ကိုတော့ သူသိပြီးဖြစ်ခဲ့သည်။
တကယ်ဆို ကိုဝင်းအောင်သည် ကိုတင်မောင်က အညို့ကို ယူသကဲ့သို့ပင် သူ့အား သုံးနှစ်သုံးမိုး စောင့်၍ ပိုးစေချင် ယူစေချင်သည်။ ဒီလိုချစ်ရသော အချစ်မျိုးမှာ ပျော်ရွှင်နှစ်သိမ့်စရာကောင်းပေလိမ့်မည်ဟု တွေးမိပြန်သောအခါ သူ ရှုံးရသောအဖြစ်ကို တွေး၍ရင်နာမိပြန်သည်။
ဒါတောင် ပဂ္ဂီအမေက လျင်၍ မြန်မြန်လက်ထပ်ဖြစ်ခြင်း ဖြစ်ပေသည်။ ကိုဝင်းမောင်က အချိန်ဆွဲချင်ပေသေးသည်။
ပဂ္ဂီတွေးချင်တိုင်း တွေးနေသည်ကို မစောင့်နိုင်သော မပန်းမယ်က ပြန်ရန်ပြင်လိုက်၏။
" ကဲ ... မပဂ္ဂီ၊ ကျွန်မ ပြန်ဦးမယ်။ အညိုက ဒီကနေ့ အိပ်ရာခမ်းနားတွေ ရောက်မယ်လို့ ပြောထားတယ်။ အဲဒါတွေ နေရာချရဦးမယ် "
" ဟုတ်လား၊ အင်း ... အညိုတော့ ဒီမင်္ဂလာဆောင်အတွက် အတော်ကုန်ဦးမှာပဲ "
" ရှင်၊ ဘာမှမကုန်ပါဘူး မပဂ္ဂီရဲ့၊ သူငယ်ကလေးက အားလုံး တင်တောင်းတယ်။ အိပ်ရာအခမ်းအနား၊ သတို့သမီးအဝတ်အစားက အစ အားလုံး ဝယ်ပေးတာပဲ "
ပဂ္ဂီသည် ပါးစပ်အဟောင်းသားနှင့် ငေးကျန်ရစ်သည်။ မပန်းမယ်ကမူ နေရာမှ ထကာ အညိုတို့ခြံဘက်သို့ လျှောက်သွားတော့သည်။
ကဲ၊ ယခုတကြိမ်မှာလည်း ရှုံးရပြန်သည်။ အညိုသည် ဘာကြောင့်များ အေးအေးလေးနှင့် အနိုင်ယူနိုင်ပါလိမ့်။
သူ့တုန်းက ကိုဝင်းမောင်ကို ရရပါမည့်အကြောင်း မင်္ဂလာဧည့်ခံစရိတ်ကိုလည်း မိန်းကလေးဘက်က တာဝန်ယူရသည်။ အိပ်ရာခမ်းနား၊ နောက်ဆုံး သတို့သားဝတ်ဖို့အဝတ်အစားပင် ပဂ္ဂီတို့က အကုန်အကျခံရသည်။ ပဂ္ဂီသည် အံကြိတ်မိ၏။ အခြေအနေကို ဘာမျှ နားမလည်နိုင်တော့ပေ။
အညို၏ လက်ထပ်ပွဲသည် သူ့လက်ထပ်ပွဲလို ခမ်းနားခြင်းမရှိလှ။ လူနှစ်ရာလောက်ဖိတ်၍ အိမ်မှာပင် လက်ထပ်ကြ၏။ သူ့တုန်းကမူ နံနက်ပိုင်း အိမ်တွင် လက်ထပ်၍ ညနေပိုင်းတွင် စထရင်းဟိုတယ်၌ လူနှစ်ရာကျော်ခန့် ဧည့်ခံပွဲ လုပ်ခဲ့ပေသည်။
အညိုလက်ထပ်ပွဲတွင် ညီအစ်မသုံးယောက်စလုံး စောစောသွားကြသည်။ မာသာနှင့် အလ်မာက အညို၏အပျိုရံအဖြစ် အညိုကို ပွဲထုတ်ရန် လိုက်ပါကြသည်။ အားလုံး ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်ဝန်းဝန်းနှင့် လက်ထပ်ပွဲမှာ ခပ်ကျဉ်းကျဉ်းပင် ပြီးစီးသွားသည်။
သူကမူ အညို၏အိပ်ရာခမ်းနားပြင်ထားသော အခန်းမှ မထွက်ပေ။ အိပ်ရာခင်းမှာ ရွှေဝါနုရာင် ဖဲဖြစ်၍ ဖဲပေါ်ကမှ ရွှေဝါရောင်ပိုးဇာပေါ်တွင် နှင်းဆီပန်းများ အပွင့်ဖော်ထားသော အဖုံးကို ဖုံး၍ထားပေသည်။ ဇာခြင်ထောင်ကလည်း အဝါနုလေးဖြစ်၏။ စောင်များမှာမူ ဂျူးဒါးနှင်းဆီတံဆိပ် သိုးမွှေးစောင်အကောင်းစား အဝါနုရောင် ဖြစ်ပေသည်။ ဇာပါးအဖုံးပေါ်တွင် စောင်နှင့်ခေါင်းအုံး ရေးရေးပေါ်နေသည်မှာ တမျိုးလှပေသည်။
ကုတင်၏သစ်သား၊ မှန်တင်ခုံ၊ မှန်ဗီရို၊ အိပ်ခန်းတွင်းရှိ ဆိုဖာနှစ်ခု။ ပဂ္ဂီသည် ထိုပစ္စည်းအားလုံးကို လက်နှင့်လိုက်၍စမ်းရင်း ဝမ်းနည်းသွားပြန်သည်။ ဤအိပ်ရာခမ်းနား အိမ်ထောင်ပရိဘောဂများသည် ယခုလိုမကောင်းဘဲ ထင်းရှူးသားနှင့်ပင် လုပ်ထားသည် ဖြစ်ဦးတော့၊ အညို့အဖို့ " ဒါတွေ မောင်က အားလုံးဝယ်ပေးတာ " ဟု ခပ်မော်မော်ကလေး ပြောပြနိုင်ပေသည်။ ဒါကိုက အညိုသည် သူ့အပေါ် အနိုင်ရခြင်းပင်ဖြစ်၏။
သူ့မှာတော့ ဘာကြောင့် " ဒါတွေကို ကိုကို့ဘက်က ဝယ်ပြီး တင်ရတာ " ဟု မပြောနိုင်ပါသနည်း။ တကယ်တော့ သူသည် အညို့ထက် အများကြီး အခြေအနေခိုင်မာပါလျက်နှင့် ယောက်ျားတယောက်ကို အညိုလို လက်မထောင်မယူနိုင်ဘဲ ဒူးထောက်၍ ငွေကုန်ကြေးကျခံကာ ယူရပါသနည်း။
လက်ထပ်ပွဲပြီး၍ သတို့သား၊ သတို့သမီး အခန်းအပ်ပြီးမှ ပဂ္ဂီပြန်လာခဲ့သော်လည်း စိတ်ထဲမှာ ဟက်ဟက်ပက်ပက် ပျော်ပျော်ရွှင်ရွှင် မရှိလှပေ။
—-
အိမ်ထောင်ကိုယ်စီ ကျပြီးပြန်တော့လည်း သူသည် အညို့သတင်းကို နားထောင်နေမြဲဖြစ်သည်။ မပန်းမယ်ထံမှ အညိုတို့နေပုံထိုင်ပုံ သင့်သင့်မြတ်မြတ် ရှိ မရှိ၊ ကြင်ကြင်နာနာ ရှိ မရှိ မေးရပြန်သည်။ သို့သော် မပန်းမယ်ပြောစကားကို ကြားရပြန်လျှင်လည်း သက်သက်ဒေါသဖြစ်ရပြန်သည်။
" မောင်တင်မောင်က လူဆန်းကွဲ့ မပဂ္ဂီရဲ့၊ တခြားယောက်ျားများ ကိုယ့်မိန်းမကိုယ်တိုင် ချက်မှ ပြုတ်မှ ကြိုက်ကြတယ်မို့လား၊ သူကတော့ အညို ဘာလုပ်တာမှ မကြိုက်ဘူး။ အညို့မှာဖြင့် မောင်တင်မောင်အလုပ်သွားချိန်ကျမှ သူလုပ်စရာတွေ အားလုံး လုပ်ရတယ်။ အညိုကလည်း အင်မတန်အဝတ်လျှော်ချင်၊ မီးပူတိုက်ချင်တဲ့ကလေးမ။ တနေ့ ရုံးက အမှတ်မထင်ဆင်းလာတုန်း အညိုမီးပူတိုက်တာတွေ့တာနဲ့ ပြောမရတယ်လို့ မီးပူတောင် လွှတ်ပစ်မလို့ "
ပဂ္ဂီသည် နားထောင်နေရာမှ မျက်လုံးလေးပြူးလိုက်၏။ " တယ်သဲတာပဲ "ဟုလည်း စိတ်ထဲမှ မှတ်ချက်ချ၏။
" စားတာ သောက်တာလဲ အညိုကဖြင့် ချက်ချင်လိုက်တာ အလွန်ပဲ။ ချက်လဲ ပေါ့တယ်၊ ငန်တယ်၊ ကြေးမများပါဘူး။ ဒါပေမဲ့ အညို ပင်ပင်ပန်းပန်းချက်ပြီဆို ဆူတာပဲ။ ဒါကြောင့် သူ့ရှေ့ဆို အညိုက မီးဖိုမဝင်သလိုနေရတယ် ပဂ္ဂီရဲ့ "
ပဂ္ဂီသည် မပန်းမယ် စကားပြောသည်ကို နားထောင်ရင်း ဆိတ်သားအိုးကို သတိရသွားသည်။ ကိုကိုက ညစာတွင် ဆိတ်သားနှပ်ကို စားချင်သည်ဆို၍ သူကိုယ်တိုင်နှပ်ထားသည်။ အစေခံတွေ တပုံတပင်ရှိရက်နှင့် ပဂ္ဂီကိုယ်တိုင်လုပ်မှ ကိုကိုက ကြိုက်၏။
" ကိုကိုကတော့ ပဂ္ဂီကိုယ်တိုင်လုပ်မှ စားတတ်တယ် "
သူသည် မပန်းမယ်ကို အားတင်း၍ ဂုဏ်ယူကာ ပြောလိုက်သော်လည်း စိတ်ထဲမှာမူ စကားပြောရသည်ကို အရသာမပါပေ။
တခါတရံ ကိုကို့ကို စိတ်တို၏။ ထမင်းဝိုင်းမှာ ထမင်းစားနေရင်းက ချဉ်ရည်ဟင်းတွင် အချဉ်ပေါ့သည်ဟု ထင်လျှင် မန်ကျည်းသီးရည်နယ်ကာ ဟင်အိုးကို မီးဖိုပေါ်ပြန်တင်၍ အချဉ်ထပ်ထည့်ပေးရသည်။ ဆီပြန်ဟင်းတွင် အနှစ်နှင့်ဆီ နည်းပြန်လျှင်လည်း ဆီသပ်သပ်ချက်၍ စားနေတုန်းမှာ ထ ပြင်ပေးရသည်။
အလကားနေ အညိုက ကံကောင်းနေသည်။ သူ့မှာတော့ ဘာကြောင့်များ ဒီလိုဖြစ်နေပါလိမ့်။
မပန်းမယ် ထ,အသွားတွင် သူသည် ဆိတ်သားအိုးကို ထ၍ ကြည့်မိ၏။ ညစာစားပွဲတွင် တခါတည်းနှင့် အဆင်ပြေပါ့မလားဟု စိုးရိမ်မိပြန်သည်။ အဆင်မပြေတိုင်း ကိုဝင်းမောင်သည် သူ့နှမများနှင့် နေခဲ့ရတုန်းက အစချီကာ သူ့ကို နှမများ အလိုလိုက်ပုံ၊ ပြုစုပုံတွေကို မိုးမဆုံး လေမဆုံး ပြောလာလျှင် သူသည် ဒေါသထွက်ကာ ရန်ဖြစ်ရတော့သည်။ ဒီနှမတွေအကြောင်းနှင့် ပတ်သက်၍ ခဏ ခဏ ရန်ဖြစ်ရသောကြောင့် ကိုဝင်းမောင်နှမများကိုပင် အိမ်သို့ လာမလည်စေလိုပေ။
ဟိုတပတ်က ယောက်မများလာစဉ်တွင် သူသည် စကားဟဟ မပြောခဲ့။ ယောက်မများက နောက်ကို မလာတော့ဟု ပြော၍သွားသည်။ စိတ်ထဲတွင် သူဖြစ်သလို အညို့တွင်လည်း အားလုံးဖြစ်စေချင်သည်။
ဘယ်တော့ အညိုသည် လင့်ဘက်က အမျိုးများနှင့် မသင့်မတင့်ဖြစ်သည်ကို ကြားရမလဲဟု စိတ်က စောင့်စားနေမိပေသည်။
—-
မိုးဦးတညနေတွင် အညို လာ၍လည်ပေသည်။ အညိုသည် ကိုယ်ဝန်ရှိစဟန်မျိုး ဖြစ်နေသော်လည်း သူသည် အညို့ကို ကိုယ်ဝန်ရှိ မရှိ မမေးပေ။ အညိုက အေးအေးဆေးဆေးနှင့် သူ့ကို စိတ်ဝင်ဝင်စားစား ပြော၏။ သို့သော် အညို့စကားထဲတွင် လင်အကြောင်း၊ အိမ်ထောင်ရေးအကြောင်း လုံးဝမပါပေ။ ကျောင်းနေတုန်းက ဘဝကိုသာ လွမ်းလွမ်းသသပြော၏။
အနားက နားထောင်နေသူ အလ်မာကမူ အညိုဝတ်လာသော ထဘီကို သဘောကျနေ၏။ အညို့ထဘီသည် အစိမ်းရင့်ပေါ်တွင် လှပသော အဝါချိတ်လေးများ ဆင်ထားသည်။ မြန်မာယက်ထည်လုံချည် ဖြစ်ပေသည်။
" အညို့လုံချည်ကို မာသာ သိပ်သဘောကျတာပဲကွယ်၊ အသားကလည်း ညက်နေတာပဲ "
သဘောကျသူ အလ်မာက မပြောခင် မာသာက အရင်ပြောလိုက်သောကြောင့် အလ်မာက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
" အလ်မာကလည်း အဲဒီလုံချည်ကို မျက်စေ့ကျလို့ အညိုလာကတည်းက ကြည့်နေတာ "
အညိုသည် ပြုံးလိုက်၏။ သူ့အပြုံးသည် ပြည့်စုံခြင်းဖြင့် အားရှိသောအပြုံးဟု ပဂ္ဂီက ထင်ပေသည်။
" ဟုတ်တယ်၊ ဒီလုံချည်လေးက လှကိုလှတယ်။ ပေးတဲ့သူ စေတနာကောင်းလို့ထင်တယ် "
" ဘယ်က ပေးလဲ အညို "
ပဂ္ဂီသည် စူးစမ်းသလိုဟန်နှင့် မေး၏။
" မောင့်ရဲ့အညာက အဒေါ်ကြီးလေ၊ သိပ်သဘောကောင်းတာပဲ။ သူက ချည်ပေးပြီး အဆင်ကို ကြိုက်တဲ့အဆင် ယက်ခိုင်းတာ၊ သိပ်လှတာပဲနော် "
" ကိုတင်မောင်မှာ အမေရှိသေးလား၊ နှမတွေရော "
ပဂ္ဂီက ထပ်၍ မေးပြန်၏။
" အမေလည်းမရှိဘူး။ နှမတွေက ဝမ်းကွဲတွေ။ ဒါပေမင့် သူတို့က သိပ်ရိုးတာပဲ၊ အညာဓလေ့မို့လား၊ သူ့အဒေါ်တွေကလဲ ရှင်းရှင်း ဘွင်းဘွင်းတွေပဲ "
ပဂ္ဂီသည် ဘာမျှ ဆက်မမေးလိုတော့ပေ။ တကယ်ဆိုတော့ သူ့စိတ်ထဲတွင် အညိုသည် ယောက္ခမတွေ ယောက်မတွေနှင့် သူ့လို ဇယားအမြဲရှုပ်နေစေချင်သည်။ သူ့ယောက္ခမ မိန်းမသူကြီးသည် ခဏ ခဏ သူ့သား ဘီအေအကြောင်း၊ အတွင်းဝန်အကြောင်း
ဂုဏ်ယူအသားတင်ပြောသည်ကို နားကလော၍ ရန်ဖြစ်ကြသလို အညို့တွင် ဖြစ်စေချင်သည်။ ခုတော့ အညို့မှာ ဇယားရှုပ်စရာ ယောက္ခမကလည်း မရှိ။ ရှိသည့်အဒေါ်တွေကလည်း သူတို့ဘာသာ အေးအေးနေသည်ဆိုတော့ ဒီတပွဲတွင်လည်း သူသည် အညို့ကို ရှုံးရပြန်သည်တကား။ သူတို့စကားပြောနေစဉ်တွင် မိုးသားများသည် ပိုမို၍ မည်းမှောင်လာကြသည်။
မပန်းမယ်သည် အထုပ်တခုနှင့် သူတို့ရှိရာသို့ လျှောက်လာ၏။
" မပန်းကြီး ဘာလာလုပ်လဲ "
အလ်မာက ဆီးကြို၍ မေးလိုက်၏။
" မောင်တင်မောင် လွှတ်လိုက်လို့၊ အညို စကားပြောချင် ပြောနေတဲ့။ သူ ကားနဲ့လာကြိုမယ်တဲ့။ မိုးညို့လာတော့ အညို အအေးမိမှာစိုးလို့ မောင်တင်မောင်က အနွေးထည် သွားပို့ချေ ဆိုတာနဲ့ လာပို့ရတာ၊ ရော့ အညို "
မပန်းမယ်လက်ထဲမှ အညိုသည် သိုးမွှေးစောင်စကားဝါရောင်ကလေးကို ဆွဲယူ၍ ခြုံလိုက်၏။ ပဂ္ဂီသည် ဣန္ဒြေရစွာပင် ထိုင်၍ မနေနိုင်တော့ဘဲ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ ကုတင်ဘေးရောက်လျှင် ကုတင်ပေါ် ပစ်လှဲလိုက်ခါ ဝမ်းနည်းပမ်းနည်း ငိုလိုက်မိသည်။ မဆီမဆိုင် သင်္ဘောနှင့် မြောင်းမြသွားခဲ့သည့်တညကို သတိရမိသည်။
သင်္ဘောအခန်းထဲတွင် မိုးအနည်းငယ်ပက်၍ လေတိုက်ပေသည်။ သူက ကုတင်ပေါ်တွင် အသာလဲ၍ နေပေသည်။ စိတ်ကတော့ မိုးသက်ဝင်လာလျှင် ကိုကိုသည် မှန်ပြတင်းကို ပိတ်ခါ သူ့ကို စောင်ခြုံပေးမည်ထင်၍ ငြိမ်ကာ မှိန်းနေမိသည်။
နောက်ဆုံးတော့ ကိုကို့မှာ အရင်အိပ်ပျော်နှင့်၍ သူ့ဘာသာ တံခါးထပိတ်ရသည်။
အားလုံး ကွာလိုက်သည်ဖြစ်ခြင်း။ အညို အိမ်လာလည်သည့်အတွင်းမှာပင် မိုးညိုလာသည်နှင့် အညို အအေးမိမည်စိုးသောကြောင့် ကိုတင်မောင်က အနွေးထည်ပို့လွှတ်လိုက်ရသေးသည်။
ပဂ္ဂီသည် ခေါင်းအုံးတလုံးကို ဆွဲယူ၍ အဝေးသို့ ဆောင့်လွှတ်ပစ်လိုက်သည်။ သူ့မှာ ထုကြီး ထည်ကြီးနှင့် အနေအထိုင် ခိုင်မာပါလျက်နှင့် အညို့အပေါ်တွင် ဘာကြောင့်အနိုင်မရသည်ကို တွေး၍မရနိုင်ပါတကား။
သို့သော် ထုထည်အင်အား အားကြီးသည်ဆိုလည်း အခါခပ်သိမ်း ချမ်းမြေ့ဖွယ်အခြေအနေကို ဖန်တီး၍မပေးနိုင် ဆိုသည် ကိုတော့ သဘောပေါက်သလိုဖြစ်လိုက်မိ၏။
---
#ခင်နှင်းယု
#ကံ
#shared_by_louis_augustine
#sbla


Comments
Post a Comment