လှုံမီးဓလေ့ // ခင်ခင်ထူး

လှုံမီးဓလေ့ // ခင်ခင်ထူး

(မန္တလေးအရုဏ်ဦးဂျာနယ်၊ ၂၀၁၀)
(ကျေးတရာ ရသစာစုများ)

—-

ကျွန်မတို့ရွာတွေမှာတော့ ဆောင်းရောက်လျှင် လှုံမီးဓလေ့ရှိသည်။ ထင်းခြောက်ကလေးတွေ စုကာ ပွေ့ကာ တလင်းပြောင်ပြောင်မှာ မီးဖိုပြီး မီးလှုံကြခြင်းဖြစ်သည်။ လှုံမီးထည့်နေပြီဆိုလျှင် မြင်သူက ချက်ချင်းရောက်လာမြဲပင်။ နွားမလိုက်စောင်ကြီးခြုံ၊ ဖျင်တဘက်ကြီး ခေါင်းပေါင်းပြီး ပြောင်းဖူးဖက်လိပ်ကြီး ငေါ့ကာ မီးပုံတိုးကြတော့သည်။ မီးကုသိုလ်ယူကြသည် ပြောရမလားမသိပါ။ ကိုယ့်မီးကို လာလှုံကြသဟဲ့ဆိုကာ ရှိသမျှထင်းထည့်တော့သည်။ ရေနွေးကရား အိုးမည်းမည်းကြီး မီးဖိုနား ဘေးလုံးကပ်ကာ တအိုးပြီးတအိုး တည်ပေရော့။ မီးလှုံရင်း ရွာအကြောင်း၊ ရပ်အကြောင်း ပြောကြသည်။ ဇာတ်အကြောင်း၊ ပွဲအကြောင်း ပြောကြသည်။ ပဲအကြောင်း၊ နှမ်းအကြောင်း ပြောကြသည်။ မီးလှုံရင်း သိစရာရှိ သိရသည်။ ကြားစရာရှိကြားရသည်။ 

မနက်ဝေလီဝေလင်း ထမောင်းလာကြသော လှည်းသမားတွေကလည်း လှုံမီးဖို တွေ့သည်နှင့် လှည်းခဏတောင့်ကာ အပေါ်ကရုံလာသော ပုဆိုးကွင်းကို မီးပြသည်။ လက်တွေခြေတွေကင်ကြသည်။ အညာဖျင်ကြမ်း အင်္ကျီထူထူတထည်သာ ဝတ်ထားတတ်ကြပြီး အပေါ်က ပုဆိုးတထည် ခြုံထားခြင်းသာဖြစ်၍ အေးမည်ဆိုလျှင် အေးလောက်ပါ၏။ 

ဆောင်းတွင်းဆိုတော့ ဆောင်းသီးနှံတွေ လှိုင်လေပြီ။ သစ်ခင်းတွေထဲက ပြောင်းဖူးရနိုင်ပြီ။ ကုလားပဲပင်နုတ်နိုင်ပြီ။ ထမြစ်(ထန်းမြစ်)ဖော်နိုင်ပြီ။ ညနေဘက် ယာထဲ ကိုင်းထဲ ရောက်သခိုက် ချိုးလာသည့် မရင့်တရင့် ပြောင်းဖူးတွေကို အခွံခွါကာ မီးကျီးပုံပေါ် ပစ်ချထားလိုက်ရုံ။ တုတ်တချောင်းနှင့် ဟိုဘက် သည်ဘက်လှန်။ ပြောင်းစေ့ကလေး ညိုရောင်သန်းတော့ မီးထဲကဆယ် ပူပူလောလော စားကြသည်။ ထမြစ်တွေကိုတော့ အစည်းလိုက်စုကာ မီးကျီးခဲပေါ် နှမ်းထောင် ထောင်ရသည်။ ခေါင်းက မီးကျီးထဲမှာ။ အပူငွေ့က ထမြစ်ခေါင်းက ဝင်ကာ ထမြစ်ဖျားထိ အပူစီးကူးသွားသည်။ မီးကျီးကောင်းလေ ထမြစ်မီးဖုတ် ညက်ညက်စေးလေ။ မီးဖိုဘေးမှာပဲ အခွံတွေ လွှားခနဲ ခွါချကာ အငွေ့တထောင်းထောင်း အနံ့တသင်းသင်း ချိုးဖဲ့စားရတာကပင် အရသာရှိလှပါသည်။

ကုလားပဲပင်တွေကတော့ လက်တကမ်းမှာ ဘယ်အခင်းကနုတ်နုတ်။ ကုလားပဲအပင်ကြီးတွေ သန်သလောက် အသီးတွေက ခဲနေအောင် သီးကြပါ၏။ ကုလားပဲပင် နှစ်ပင်လောက်နုတ်ပြီး မီးထဲထိုးထည့်လျှင် ဖျိုးဖျိုးဖျစ်ဖျစ်မြည်ကာ အရွက်တွေ ကျသွားလိမ့်မည်။ အသီးတွေ မီးနာလောက်ပြီဆိုလျှင် မီးဖိုဘေး ပစ်ချကာ အအေးခံ။ တဖြုတ်ဖြုတ် ချွေစားလို့ ရပါပြီ။ ပါးစပ်တွေကို မည်းလို့။ 

သည်ရာသီမှာ မြေပဲစိုစို ဖူးဖူးကြီးတွေကို အိုးတုတ်နှင့်ပြုတ်ပြီး စားကြရတာဟာလည်း အကောင်းစား သရေစာ ဖြစ်ရပါ၏။ ပြုတ်ပြီးသား မြေပဲတောင့်တွေကို ဆန်ခါခုံးထဲမှာ ဖျောခနဲ သွန်ထည့်။ အငွေ့လှိုင်လှိုင် ချိုချိုဆိမ့်ဆိမ့်။ ပဲစိမ်းပဲစိုတွေကိုလည်း ကြက်သွန်နီ ဆီမွှေးသပ် လောလောမွှေပြီး စားနိုင်သည်။ တချို့က ထမင်းကြမ်းခဲ နှမ်းဆီ တပေါက် နှစ်ပေါက် ဆမ်းသည်။ ပဲပြုတ်တဆုပ်ထည့်ပြီး လူး၊ ငါးပိကင် လက်မလောက် သံပန်းကန်စောင်းကပ်ပြီး မီးဖိုဘေး လာစားကြတာကို မြင်ရသူက ဝမ်းဟာလာတတ်သည်။ 

လှုံမီးသည်ပင် ကျေးလက်ဓလေ့လို ဖြစ်နေပါပြီ။ ကျွန်မတို့ကြီးတော်များဆိုလျှင် လက်မောင်းလက်ရုံးလောက် မန်ကျည်းသားတုံးရှည်ကြီး နှစ်တုံးလောက် ခေါင်းချင်းဆိုင်ကာ မီးထည့်ထားတာ နေ့ မီး ည မီး ဆက်လို့။ 

အခုတော့ ကျွန်မလည်း မြို့ရောက်ပြီ။ သိပ်အေးသည့်နှစ်တွေမှာ မီးသွေးမီးဖိုကလေးဖိုကာ အနွေးဓာတ်ယူရသည်။ မလှုံဖြစ်သည့်နှစ်တွေက များပါ၏။ ဆောင်းရယ်လို့ အေးအေးလောလော မရှိတာကြာပြီ။ နွေကို ဘယ်လိုကူးသွားမှန်းမသိရသော ဆောင်းတွေ ကြုံလာရသည်။ "ငါ့အခင်းက နှင်းလိုသာဟ…ဒီနှစ် နှင်းမလိုက်တော့ ပဲခင်းက မကြွချင်ဘူး" ဆိုသည့် ရွာတောင်သူတို့၏ စကားကို ကြားခဲ့ရဖူးတာဆိုတော့ နှင်းမှ လိုက်ကြရဲ့လား တွေးမိရပါ၏။ နှင်းတွေ အူအူလည်အောင် ကျပြန်တော့ "နှင်းခါးရိုက်လို့ သရက်ကင်းတွေ ကုန်ပါရောလား" ဆိုသူတွေလည်း ရှိသည်။ မရှိတော့လည်းမကောင်း၊ များလွန်းတော့လည်း မကောင်း။ 
နှင်းလည်း မပျောက်၊ နှင်းခါးလည်း မရိုက်သော ဆောင်းပီပီဆောင်းများဆိုလျှင်တော့ အကောင်းဆုံးပင်။ ဆောင်းကလေး  တကယ် အေးလာပြီဆိုလျှင်တော့ အနွေးဓာတ်ရအောင် လှုံမီးကလေး လှုံလိုက်ချင်သား။

—-

#ခင်ခင်ထူး
#လှုံမီးဓလေ့

#shared_by_louis_augustine
#sblaလှုံမီးဓလေ့ // ခင်ခင်ထူး

#sbla

Comments