တခါတုန်းက လေးသည်တော် // တာရာမင်းဝေ
တခါတုန်းက လေးသည်တော် // တာရာမင်းဝေ
( ဘယ်ဘက်လက်ထဲမှာဝှက်ထားတဲ့ပုံပြင် )
—-
တခါတုန်းကပေါ့။ အလွန်နက်ရှိုင်းတဲ့ တောအုပ်ကြီးတခုရှိတယ်။ အဲဒီတောအုပ်ရဲ့ အနီးအပါးမှာ အတန်အတင့်စည်ကားတဲ့ မြို့တမြို့ရှိတယ်။ မြို့ကလေးက လျို့ဝှက်သိပ်သည်းတယ်။ အနေအထိုင် ကျစ်လျစ်တယ်။ အဲဒီမြို့ကလေးကိုမှ တနေ့မှာ ထူးခြားတဲ့ လူတယောက် ရောက်လာတယ်။
အဲ့ဒီလူဟာ နက်မှောင်ရှည်လျားတဲ့ မျက်ခုံးတွေရှိပြီး လေးနဲ့မြားကို လွယ်ထားတယ်။ မြို့ကလေးရဲ့ အစွန်ဘက်မှာအိမ်တလုံးဆောက်ပြီး သူ့ဘာသာ သီးသန့်နေတယ်။ မြို့သူမြို့သားတွေနဲ့ အဆက်အဆံမလုပ်ဘူး။ ပြည့်စုံလုံလောက်တဲ့ ငွေကြေးဥစ္စာရှိပုံလည်းရပါရဲ့။ ဘာအလုပ်မှလည်းမလုပ်ဘူး။ တနေ့တနေ့ သူဟာ သူ့ခြံထဲမှာ မြားပစ်လေ့ကျင့်တာနဲ့ပဲ အချိန်ကုန်နေတယ်။
မြို့သူမြို့သားတွေက သူ့ကို စိတ်ဝင်စားကြတယ်။ အထင်လည်းကြီးတယ်။ ဒါပေမယ့် သူ့အကြောင်းကို ဘယ်သူကမှလည်း မသိကြဘူး သိရအောင် ချဉ်းကပ်ကြိုးစားသူတွေလည်း မအောင်မြင်ဘူး။ ဒါပေမယ့် အဲ့ဒီလေးသည်တော်ကြီးဆီ မသွားမဖြစ်သွားရမယ့် ကိစ္စ တခုက ကြုံလာတယ်။ တောအုပ် လိုဏ်ဂူထဲက နဂါးကြီးနဲ့ပတ်သက်ပါတယ်။
မြို့ပြင်ထွက်ပြီး ထင်းခွေယာလုပ်တဲ့သူတွေဟာ အဲဒီနဂါးကြီးရဲ့ ဒုက္ခပေးမှုကို အကြီးအကျယ်ခံနေရတယ်။ သေသူသေ ပျောက်သူပျောက်။ ဒုက္ခိတဘဝရောက်သူကရောက်နဲ့ပေါ့။ အဲဒီနဂါးကြီးကို ချေမှုန်းဖို့အတွက် သူရဲကောင်းကို မျှော်မြင်ကြည့်ရာမှာ တမြို့လုံးက အဲဒီ လေးသည်တော်ကြီးကိုပဲ အာရုံရကြပါတယ်။
"လေးသည်တော်ကြီး … ကျနော်တို့ကို ကူညီပါ"
"..."
"တောထဲက နဂါးကြီးကို ချေမှုန်းပေးပါ။"
"…"
သူတို့တွေ ဘယ်လိုပြောပြော လေးသည်တော်ကြီးက ဘာမှပြန်မပြောဘူး။ မျက်နှာသေကြီးနဲ့ပဲ ငြိမ်သက်နေတယ်။ မြို့သူမြို့သားတွေ စိတ်ပျက်ပြီး ပြန်သွားကြရတယ်။ နဂါးကြီးရဲ့ အန္တရာယ်ကလည်း ဆိုးသည်ထက် ဆိုးလာတယ်။ လေးသည်တော်ကြီးဆီကိုပဲ သူတို့ ဒုတိယအခေါက်လာပြီး တောင်းဆိုကြပြန်တယ်။
"လေးသည်တော်ကြီး ကျနော်တို့ကို ကူညီပါ"
"…"
"တောထဲက နဂါးကြီးကို ချေမှုန်းပေးပါ"
ဒီတခါလည်း ပထမတခါတုန်းကလိုပါပဲ။ လေးသည်တော်ကြီးက အင်း မလှုပ် အဲ မလှုပ် လုပ်နေတယ်။ သူတို့ကိုပဲ ခပ်စူးစူး ပြန်ကြည့်နေတာကြောင့် စိတ်လျှော့ပြီး ပြန်ခဲ့ကြရတယ်။
နဂါးကြီးဆိုးသည်ထက်ဆိုးလာတယ်။ တမြို့လုံးလည်း နေလို့ ထိုင်လို့မရတော့ဘူး။ ရှူသွင်းလိုက်တဲ့လေကတောင် နှာခေါင်းထဲမှာ ယောက်ယက်ခတ်ကုန်တယ်။ ဘယ်လိုမှ ကြံရာမရတဲ့အဆုံးမှာ လေးသည်တော်ကြီးဆီကိုပဲ တတိယအကြိမ် ပြန်သွားရပြန်တယ်။
ဒီတကြိမ်မှာတော့ ထူးခြားပါတယ်။ လေးသည်တော်ကြီးက
" ဘာမှမပြောနဲ့တော့"
သူတို့ကို လက်ကာပြပြီး လေးနဲ့မြားဆွဲပြီးတော့ တောထဲဝင်သွားတယ်။ မြို့သူမြို့သားအားလုံး ဝမ်းသာအားရဖြစ်ကုန်ကြတယ်။ သူတို့အတွက် အခက်မကြုံရတော့ဘူးပေါ့။
အမှန်ဆို အခက်ကြုံရတာက လေးသည်တော်ကြီးပါ။ သူ့မှာ ဟိတ်ဟန်သာရှိတယ်။ ဘာအရည်အချင်းမှ မရှိဘူး။ သူ လေးနဲ့ ချိန်ရွယ် ပစ်ခတ်လိုက်တိုင်းမှာ မြားဟာ ပစ်မှတ်ကို တခါမှ မမှန်ဘူး။ အရင်နေတဲ့မြို့မှာ ပေါတာကြီးဖြစ်လာလို့ လာဇာတ်မြှုပ်နေတာ။ ခုတော့ ဒုက္ခပေါ့။
လေးသည်တော်ကြီးဟာ နဂါးကြီးရှိတဲ့ တောတွင်းလိုဏ်ဂူဆီကို မရောက်ရောက်အောင် ခရီးထွင်သွားပါတယ်။ တွေ့မယ့်တွေ့တော့ နဂါးကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့တယ်။
"ဝှစ် … ဝှစ် … ဝှစ် …. ဝှစ်”
သူ့မှာပါလာတဲ့ မြားတွေနဲ့ အလျင်အမြန်ပစ်ခတ်လိုက်တယ်။ ထုံးစံအတိုင်း တချက်မှမထိဘူး။ နဂါးကြီးတောင်ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ပြီးမှ ဒေါသထွက်ပြီး လေးသည်တော်ကြီးဆီ "ရှူး" ကနဲ ခုန်ပျံရောက်ရှိလာတယ်။ လေးသည်တော်ကြီး မျက်လုံးတွေ ပြာဝေပြီး ကိုယ့်ကိုယ်ကိုယ် သေပြီလို့ အောက်မေ့မိတယ်။ဒါပေမယ့် အဲဒီ အချိန်မှာ ဝုန်း ဆို မီးခိုးလုံးကြီး ပေါ်လာပြီး နဂါးကြီးနဲ့ သူနဲ့ တနေရာစီဝေးသွားတယ်။ ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တဦးက သူ့ကို ကယ်လိုက်တာပါ။
"ကျေးဇူးတင်လိုက်တာဗျာ။ ကျုပ်ကို ကယ်တဲ့အတွက်"
လေးသည်တော်ကြီးက အဲဒီလိုပြောတော့ ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ကြီးက ခပ်ပြုံးပြုံးပြန်ပြောတယ်။
"ကျုပ်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာပါ ကျုပ်က ပစ်မှတ်ကို စောင့်တဲ့နတ်ပါ"
နှစ်ယောက်သားဝမ်းသာအဲလဲနဲ့ နှုတ်ဆက်နေကြတုန်း "ခွပ် … ခွပ်" ဆိုတဲ့အသံနဲ့အတူ အထိုးခံရပြီး နှစ်ယောက်စလုံး လဲကျသွားတယ်။ ဆန်းကြယ်တဲ့ပုဂ္ဂိုလ် နောက်တဦး ရောက်လာတာကိုး။
"အမြင်ကပ်လို့ ဝင်ထိုးတယ်ကွာ ဘာဖြစ်လဲ။ ငါက မြားကို စောင့်တဲ့ နတ်ကွ"
"ငါ အထိုးခံရတာကို မကျေနပ်ဘူးကွ"
ပစ်မှတ်ကို စောင့်တဲ့နတ်က အဲလိုပြန်ကြုံးဝါးပြီး သတ်ရင်း ပုတ်ရင်း သူတို့တွေ ပြန်ပျောက်ကွယ်သွားကြတယ်။
ထပ်ပြီး အခက်ကြုံရတာက လေးသည်တော်ကြီးပါ။ ဘယ်ရောက်နေမှန်းမသိ။ ဘယ်ပြန်ရမှန်းမသိ။ တယောက်တည်း ယောင်တိယောင်ချာ။
ပုံပြင်လေးကတော့ ဒါပါပဲ။
နဂါးကြီးလည်း နေလို့မှ ကောင်းရဲ့လားမသိ။
—-
#တာရာမင်းဝေ
#တခါတုန်းကလေးသည်တော်
#shared_by_louis_augustine
#sbla



Comments
Post a Comment