မိညို // ဂျာနယ်ကျော်မမလေး

မိညို // ဂျာနယ်ကျော်မမလေး


( ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၅၈။ )


---


(၁)


မည်မျှပင် စိတ်ညစ်နွမ်းနေသည် ဖြစ်စေ ဆရာနှင့် တွေ့ဆုံရလျှင် စိတ်အေးချမ်း သွားရမြဲတည်း။


ဆရာဦးသိန်းဟန် (ဇော်ဂျီ)မှာ အေးအေးဆေးဆေး အမူအရာရှိလျက် ဖြေးဖြေးညင်သာ ပြောတတ် ဆိုတတ်သူ ဖြစ်လေသည်။ ညင်ညင်သာသာ ပြောဟောပြနေသော စကားနောက်သို့ ထပ်ကြပ်မကွာ လိုက်လျက်ရှိနေသော ဆရာ၏ ပင်ကိုယ် ဆင်ခြင်တုံတရားဖြင့် ပိုင်းခြား ဝေဖန်ပြသော အလင်းရောင်သည် စိတ်နွမ်းခြင်းကို လန်းစေသည်။ ဆရာဦးသိန်းဟန်နှင့် တွေ့ဆုံရသည့် အခါတိုင်း အေးမြသော အရိပ်တခုခု အောက်သို့ ဝင်လိုက်ရသလိုပင် ရှိသည်။


ထိုနေ့က ဆရာ့ ဧည့်ခန်းထဲ၌ မင်းယုဝေလည်း ရှိသည်။ ဆရာက ဧည့်ခန်းထဲဝင်ထိုင်သော ကျမ အမူအရာကို အကဲခပ်ကာ “မမလေး... နင့်ကြည့်ရတာ မရွှင်မလန်းနဲ့ဟာ... ဘာဖြစ်လာသလဲ...” ဟု မေးပေသည်။


ကျမမှာ အမြတ်တော်ကြေး ရုံးက အပြန် လှကျောင်းနှင့် စိန်ဖီလိုမီနာ ကွန်ဗင့်ကျောင်းမှ ကလေးတွေကို ကျောင်းကြိုရန် အချိန်စောနေသေးသဖြင့် ဆရာ့အိမ်သို့ ခဏဝင်သည်။ ကျမဘဝတွင် အခက်အခဲ ပြဿနာ အမျိုးမျိုးတွေနှင့် တွေ့ကြုံရင်ဆိုင်ကာ ကျော်နင်းနေရသူ ဖြစ်ခြင်းကြောင့် ကျမနှင့် တွေ့ဆုံတိုင်း ဆရာက စိတ်ချမ်းသာမှု ရှိမရှိ အကဲခပ်ပုံရသည်။


“စိတ်ထဲနဲနဲတော့ အနှောင့်အရှက် ဖြစ်လာမိတယ် ဆရာရယ်။ အမြတ်တော်ကြေး ရုံးမှာ အစစ်ခံပြီး ဆရာ့ဆီ ဝင်လာတာပါ။ ယောက်ျား ရှာတဲ့ပစ္စည်း ဝင်ငွေပေါ်မှာ မယားစရိတ်၊ သားသမီးစရိတ်၊ သတ်မှတ် နုတ်ပေးထားတယ်။ ယောက်ျားမရှိတဲ့ မိန်းမတယောက် အဖို့တော့ သူရှာတဲ့ ဝင်ငွေပေါ်မှာ အမြတ်တော်ကြေး ကောက်တဲ့အခါ သားသမီးစရိတ်သာ အနုတ်ခံရပါတယ်၊ သူ့အတွက် သူ့စရိတ် မနုတ်ရဘူး ဒါကို ကျမ စဉ်းစားလာပြီး မုဆိုးမဘဝ နစ်နာတာကို တွေးလာမိပါတယ်”


ကျမက ပြောဆိုပြီး မျက်နှာ ရွှင်ရွှင်လန်းလန်း ပြင်ထားလိုက်သည်။ ထိုနေ့က ဆရာနှင့် ကျမ ခါတိုင်းလို စာပေအကြောင်း မဆွေးနွေးဘဲ အချိန်ကြာမြင့်စွာပင် လောကကြောင်း၊ ဓမ္မကြောင်းများ ဆွေးနွေးပြောဆို နေကြလေသည်။ ဓမ္မကြောင်းကို ဆွေးနွေးနေယင်း အကြောင်းတခု စမိသည်နှင့် ကျမက ပြောသည်။


“ကျမစိတ်ထဲ လောကကြီးမှာ ခဏဘဲနေရတာ ဆိုတာ အမြဲစွဲနေတော့ ဝမ်းနည်းစရာ တွေ့တွေ့၊ မခံချင်စရာ တွေ့တွေ့၊ တတ်နိုင်လို့ နိုင်လိုမင်းထက်ဘဲ ပြုပြု ဆရာရယ်... ကျိတ်မှိတ် သည်းခံ လိုက်တာဘဲ၊ ခဏဘဲ ဆိုတာ အမြဲစွဲထားတော့ သည်းခံမှုဟာ ရလာပါတယ် ဆရာ...”


ဆရာသည် စဉ်းစားသော မျက်လုံးဖြင့် ငြိမ်သက်လျက်နေရာက ချိုအေးစွာ ပြုံးလေသည်။


“နေရာတကာ သိပ် သည်းခံလွန်းယင်လဲ မကောင်းဘူးဟ...နဲနဲတော့ အကြောင်းပြသင့်ထိုက်ယင် ပြရမယ် မဟုတ်လား...”


ကလေးများ ကျောင်းကြိုပြီး ဆရာ့အိမ်သို့ ကားရောက်လာ၍ ကျမက စကားဖြတ်ကာ ပြန်ရန် နှုတ်ဆက်လျက် ထွက်ခဲ့သည်။ ဆရာသည် ကားနားအထိ လိုက်ပို့ပြီး ကားထဲ၌ ထိုင်နေသော ကလေးများကို ကုန်းကြည့်လိုက်သည်။


ကားသည် ဆရာတို့ အိမ်ဝင်းမှ ထွက်လာခဲ့လျှင် ကျမဘေး၌ ထိုင်နေသော မလေးမြင့်က “ဟို ဦးလေးက မေမေ... မိညိုကိုလေ သေသေချာချာ ငုံ့ပြီး ကြည့်လိုက်တယ်...” ဟု ပြောလေ၏။ ကားရှေ့၌ ဒရိုင်ဘာဘေးတွင် ထိုင်နေသော မိညိုသည် နောက်သို့ လှည့်လိုက်ကာ ”ဟုတ်တယ် ကြီးကြီးရဲ့ မိညိုကို စိုက်ပြီး ကြည့်တယ်...” ဟု ပြုံးစိ ပြုံးစိဖြင့် ပြောလျက် ပြန်လှည့်သွားလေ၏။


မိညိုအား ထူးထူးဆန်းဆန်း အနေမျိုး ဆရာဦးသိန်းဟန် ကြည့်လိုက်သည် ဆိုလျှင်လည်း ကြည့်ချင်စရာပေပင်။ မိညိုမှာ အသားမဲမဲ၊ မျက်စိမှေးမှေး နှာခေါင်းပြား မျက်နှာဝိုင်းကလေးဖြင့် အညာကျေးလက်မှ အညာသူ ရုပ်ကလေးနှင့် တရုပ်တည်း တူနေသည်။ သူ့အသက်မှာ ၁၁- နှစ် ဖြစ်သည်။ သူ့ခေါင်းက ဂျပန် ဆံထောက်ကလေးနှင့် သူ့ကိုယ်၌ ဝတ်ဆင်ထားသော ကွန်ဗင့်ကျောင်းဝတ် ဂါဝန် နက်ပြာတို့သည် မိညို၏ အညာရုပ်ကို မဖုံးဖိနိုင်။ ဆရာဦးသိန်းဟန်မှာ မလေးမြင့်နှင့် အသွေးအမွေး မတူသော မိညိုကို သူက ဘယ်သူများလဲ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ခြင်းသာ ဖြစ်ရမည်။


အကယ်၍ သူတို့သည် ကားပေါ်မှ ဆင်းကြကာ အိမ်ထဲသို့ ဝင်လာကြမည်ဆိုလျှင် “ဟဲ့… မမလေး- သူက ဘယ်သူလဲဟ...” ဟု ဆရာက မိညိုကို ကြည့်၍ မေးပေလိမ့်မည်။


မိညို အကြောင်းများ ပြောပြရမည်ဆိုလျှင် ဆရာ့အိမ်မှ တော်တော်နှင့် ထပြန်နိုင်ကြမည် မထင်၊ ဆရာ့အား မိညို၏ ပုံပြင်ဝတ္ထုကို အစအဆုံး ပြောခဲ့ရမည်သာ ဖြစ်လေသည်။


ကလေးတွေက… ဆရာ မိညိုကို ငုံ့ကြည့်လိုက်သည် ပြောကြ၍ ကျမမှာ ကားပေါ်တွင် “မိညို” အကြောင်းကို တလမ်းလုံး တွေးလာကာ မိညို၏ အတ္ထုပ္ပတ္တိကို ဆရာ့အား စုံစေ့စွာ စိတ်ထဲ၌ ပြောပြလျက် ရှိနေတော့သည်။


(၂)


မိညိုသည် ပခုံးတွင် လွယ်အိတ်ကလေး လွယ်လျက် ကျမအိမ်ပေါ်သို့ တက်လာသည်၊ ဧည့်ခန်းထဲ၌ ရပ်နေကာ တရှုတ်ရှုတ် ငိုကြွေးနေလေ၏။


ကျမသည် မိညို၏ ငိုသံကို အခန်းထဲမှ နားထောင်နေယင်း ရင်ထဲ၌ ကျပ်လာလေ၏။ အသက်ရှူလို့ မဝသလိုပင် မောလာသည်။ ခေါင်းထဲ၌ ရှုပ်လွန်း၍ နှုတ်ခမ်းကို ကိုက်ထားကာ မျက်ခုန်းနှစ်ဖက်တွန့်ရှုံ့ နေသည်။ သူ့ငိုသံသည် နားမချမ်းသာစရာ ကောင်းလှကာ နားနှစ်ဖက်ကို ပိတ်ရပြန်သည်။


မိညို၏ ငိုသံသည် မစဲနိုင်တော့ဘဲ ရှိုက်လျက်သာ ငိုကြွေးနေလေ၏။ အခန်းထဲမှ ကျမ မထွက်မချင်း တိတ်တော့မည် မဟုတ်ချေ။ ကျမမှာ သူ့ကို မကြည့်ချင် မမြင်ချင်လျက် မတတ်နိုင်ဘဲ စိတ်နောက်နောက်ဖြင့် အခန်းထဲမှ ထွက်ခဲ့ရသည်။


အိမ်ဧည့်ခန်းတွင် မိညိုသည် လှေကားဘေါင်ကို မှီရပ်လျက် သူမျက်နှာကို လက်ဝါးလေးဖြင့်အုပ်ကာ တရှုတ်ရှုတ် ငိုကြွေးနေလေ၏။ မိညို၏အဒေါ် မရီသည် နီမြန်းနေသော မျက်နှာဖြင့် လသာခန်းပေါက်ဝ၌ ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်တိုကို စိတ်လိုက်မာန်ပါ နင်းကန်ဖွာနေလေ၏။ မရီသည် အခန်းထဲမှ ကျမ ထွက်လာ၍ ကျမမျက်နှာကို ရဲရဲမကြည့်ဝံ့ဘဲ ဆေးလိပ်မီးခိုး နောက်သို့ လိုက်ကြည့်ယင်း “မအူပင် သွားပြီ” ဟု အသံတုန်တုန်ဖြင့် ပြောနေသည်။


ကျမ၏ မျက်လုံးထဲ၌ ဝင်းကနဲဖြစ်သွားကာ နီးရာ ကုလားထိုင်၌ ထိုင်လိုက်ရသည်။


“သံချောင်းတော့ အညာသားနဲ့ ပါသွားပြီ၊ မိ‌ရွှေကြည်ကတော့ အငယ်မ ပိုက်ပြီး မအူပင် သင်္ဘော ဆင်းလေရဲ့...”


မရီ စကားမဆုံးမီ ကျမမှာ စိတ်မချုပ်တည်းနိုင်တော့ဘဲ “ကောင်းကြတာပေါ့အေ” ဟု အော်လိုက်သည်။ မရီမှာ တိတ်သွားလေ၏။


“လင်မယားကွဲတာ ငှက်ပျောသီး အခွံနွှာလိုက် သလိုဘဲ။ လွယ်လိုက်ကြတာ အိမ်ပေါ်က တယောက်တကောင် ဆွဲဆင်းသွားကြပြီ၊ မိညိုကျတော့ ငါ့ဆီ ပို့လိုက်တယ်... ဟန်သအေ...”


ကျမသည် ရင်ထဲ၌ ဆွေ့ဆွေ့ခုန်လျက် မိညိုဘက်သို့ လှည့်ကြည့်လိုက်သည်။ မိညိုသည် ဂျပန်ဆံတောက်ကလေး ခါခါ-ခါခါနှင့် တသိမ့်သိမ့် ရှုတ်ရှိုက်လျက် နေရာက ကျမ သူ့ကို ကြည့်လိုက်၍ ခေါင်းငုံ့သွားလေ၏။ ကျမမှာ သူဝတ်ထားသော စိန်ဖီလိုမီနာ ကွန်ဗင့်ကျောင်းဂါဝန်ကို စိုက်ကြည့်လျက် ရင်ထဲ၌ သက်ပြင်းကြီး ချမိသည်။


ကျမတွင် သားသမီး ၃- ယောက် တာဝန်ကို မနိုင်မနင်း ထမ်းနေရသူ ဖြစ်သည်။ နောက်ထပ် တယောက်တိုး၍ ခေါင်းပေါ်သို့ တင်ပြန်ဦးမည့် ဝန်ထုပ်ကြီးအတွက် ခေါင်းလေး သွားလေသည်။ မိညို၏ ကျောင်းစရိတ်မှာ ကျောင်းလခ၊ မော်တော်ကားခ၊ မုံ့ဖိုး တလ ၅၀/-ိ- ခန့် ရှိသည်။ စားစရိတ် အဝတ်အစားဖိုး မပါသေးချေ။ ကျမက သူ့တာဝန် မထမ်းနိုင်ဘူး ပြောရအောင်လည်း အပြောရ ကျပ်လေ၏။


မိညိုမှာ အဖေနှင့် အမေက တာဝန်မယူနိုင်ဘူးဟု ပစ်ပြေးကြသော မိဘပစ်ကလေးတယောက် ဖြစ်လာသည်။ မိညို၏အမေဘက်မှ အရင်းအချာများဖြစ်သော သူ့အမေအကို မောင်သိန်းဟန် ပြည်ထောင်စုဘဏ် စာရေးနှင့် သူ့အမေ၏ညီမ မရီတို့မှာ အိမ်အမှု ရှုံးကြ၍ အိမ်ပေါ်မှ ဆင်းပေးကြရကာ ရုတ်တရက် အိမ်ငှားမရ အိမ်နေစရာ မရှိသဖြင့် ကျမအိမ်ပေါ်သို့ အကုန် ရောက်လာကြခြင်းကြောင့် ကျမမှာ မိညိုကို အိမ်မှာ မထားနိုင်ကြောင်း တာဝန် မယူနိုင်ကြောင်း ပြောရမည့် ပြောစရာလူကို မရှိချေ။


မိညိုအဖေ မောင်လှခင်၏ အလုပ်အကိုင်မှာ အာအီးတီ မော်တော်ကားမောင်းသော အလုပ်ဖြစ်သည်။ သူတို့အလုပ် သူတို့လခနှင့် သူတို့သမီး မိညို ကွန်ဗင့် စရိတ်နှင့် မဖြစ်၍ မိညို အမေဘက်မှ မောင်သိန်းဟန် မရီတို့နှင့် တအိမ်တည်းအတူတူ ပေါင်းနေရကာ စုနေ စုစပ် စားကြလျက် ကျောင်းထား လာခဲ့ရသည်။ သူတို့ သားအမိ သားအဖ ငါးယောက်သပ်သပ် သူတို့အိမ်ထောင်နှင့် သူတို့ ခွဲနေကြရသည်ဆိုက မိညိုမှာ သူ့အဖေ မော်တော်ကား မောင်းသော လခဖြင့် ကွန်ဗင့်ကျောင်းသို့ ရောက်နိုင်ရမည် မဟုတ်ချေ။


လင်မယား အကွဲတွင် မိညို၏ ကွန်ဗင့် စရိတ်ကြောင့် အဖေရော အမေရော ဘယ်သူကမှ သူတို့နောက်သို့ ခေါ်မသွားကြချေ။


ကျမအိမ်မှာ ဆွေမျိုးများက ဘူတာရုံကြီးဟု နာမည်ပေးထားကြသည်။ သူတို့ခေါင်းပေါ် ရွက်ယူလာကြသော အပူတွေ ပြဿနာအမျိုးမျိုး အထွေထွေတွေမှာ သူတို့၏ ဝန်စည်စလှယ်တွေ ဖြစ်ပေသည်။ ဒုက္ခမြားမြောင်သော ဝန်စည်စလှယ်ထုပ်တွေကို ကျမဘူတာရုံကြီး၌ လာ၍ ပုံပစ်ချကြလေသည့် အတိုင်း ယခုလည်း မိညိုအဖေ မောင်လှခင်နှင့် မိညိုအမေ မခင်ကြည်တို့၏ မထမ်းမရွက်နိုင်သော သူတို့ ပစ္စည်း သူတို့ ဝန်စည်စလှယ်ထုပ်သည် ကျမဘူတာရုံသို့ ရောက်လာလေ၏။


“မရီရယ်... ညည်းသိတဲ့ အတိုင်းဘဲ ငါ့မှာ ဘယ်လောက်များ တာဝန်ကြီးတယ် ဆိုတာ ပြောဖို့တောင် မလိုပါဘူးဟာ၊ မိညို ငါ့ဆီမှာ စားတာ နေတာတော့ နေပါစေပေါ့၊ သူ့ကျောင်းစရိတ်တော့ ညည်းမောင်ကို ထောက်ခိုင်းရအောင်...”


မိညိုဦးလေး မောင်သိန်းဟန်မှာ သားမယား မရှိ တကိုယ်တည်း ဖြစ်သည်။ ပြည်ထောင်စု ဘဏ်တိုက်၌ လခ နှစ်ရာကျော်ရသူ ဖြစ်သည်။ အိမ်မရသေး၍ ကျမအိမ်တွင် လာနေခိုက် စားစရိတ် တပြားမှ မကုန်ရသဖြင့် သူ့လခထဲမှ ထောက်ခိုင်းမည်ဟု ကြံရွယ် ကြည့်သည်။


“ဝေးလိုက်တာ မမရယ်... တပြားမှ ပေးမှာ မဟုတ်ဘူး။ သူတို့နဲ့ ပတ်သက်လာယင် ဘာတာဝန်မှ မယူဘူး၊ အညာသားရော၊ မိရွှေကြည်ရော မကြည့်ချင်အောင် ဖြစ်နေတာ...”


မရီမှာ ပြောပြီး မျက်ရည် လည်လာလေသည်။ ကျလာတော့မည့် မျက်ရည်ကို သိမ်းလျက် အသံတုန်တုန်ဖြင့် ဝမ်းနည်းပက်လက် ဆက်ပြောသည်။


“မိညိုငယ်ငယ် ငါးလသမီးလောက် သူတို့လင်မယား ကွဲကြတုန်းကလဲ သူတို့သားအမိကို ကျမဘဲ ဈေးရောင်းကျွေးခဲ့ရတယ်... အခုတော့...”


မရီ၏အသံမှာ ပျောက်သွားကာ ရှိုက်သံသာ ရှိတော့၏။ မရီက သူ့အဖြစ် သူ့အကြောင်းကို ဆက်ပြောစရာ မလိုအပ်သဖြင့် ရပ်သွားခြင်း ဖြစ်သည်။ သူ့အဖြစ် သူ့အကြောင်းမှာ မရီသည် ကျမအိမ်သို့ ရောက်မလာခင် သူတို့မောင်နှမ တပြုံလုံး (မောင်လှခင်ပါ အပါအဝင်) စုပေါင်း နေထိုင်ကြသော အိမ်ထောင်ကြီးတွင် စားစရိတ် မလောက်တိုင်း မရီက ရှာဖွေစိုက်ရသဖြင့် ငွေ ၁၀၀၀/-ိခန့် စားကြွေး တင်လာ၏။ ငွေ ၁၀၀၀/-ိကြွေးတင်လာ၍ အိမ်ထောင်သည်တွေနှင့် အတူတူ ပေါင်းနေရန် စိတ်ညစ်ညစ်ဖြင့် အိမ်မှုမရှုံးမီ သူကအယင် အိမ်ပေါ်မှ ဆင်းလာခဲ့ကာ ကျမအိမ်သို့ အယင်ရောက်သူ ဖြစ်သည်။ သိမ်ကြီးဈေးတွင် မရီအတွက် ကျမက ငွေထုတ် မစ၍ ဆောက်ပေးထားသော ဈေးဆိုင်ခန်းမှရသော ဆိုင်လခ သူ့ဝင်ငွေလေးဖြင့် ငွေ ၁၀၀၀/-ိကြွေးကို လစဉ် ဆပ်သွားရမည့် အကြောင်းကြောင့် မိညိုအတွက် မထောက်နိုင်ရှာချေ။


“ရှိပါစေတော့ဟာ... ငါ့ကုသိုလ် ငါ့အကြောင်းပါဘဲ၊ ငါ့အိမ်ပေါ် ရောက်လာကြမှတော့ မိညိုအတွက် ငါ့တာဝန် လုံးလုံးဘဲပေါ့… နင့်ကြွေး ၁၀၀ဝိ သာ ကြေအောင် ဆပ်ပေတော့”


ကျမသည် စိတ်ပျက်စွာဖြင့် ညည်းပြော လိုက်သည်။


ငိုကြော ရှည်နေသော မိညို၏ ငိုသံသည် နားထဲတွင် မခံနိုင်အောင် ပြင်းပြလာသဖြင့် ကျမက “တိတ်လေ ငိုမနေနဲ့…” ဟု ငေါက်ပြောလိုက်သည်။ မိညိုသည် ကြောက်ကြောက်ဖြင့် ချက်ခြင်း အသံတိတ်လိုက်ကာ ရှိုက်လျက်သာ နေရှာ၏။


ကျမမှာ သူ့ကိုစိုက်ကြည့်ကာ တော်တော် သနားသွားသည်။ ဖအေ မအေ၊ ငုတ်တုတ်ရှိလျက် ရှင်ကွဲ ကွဲလာခဲ့သော သူ့အဖြစ်သည် ကျမသားသမီးတွေထက် အကြောင်းဆိုးသဖြင့် ရင်နာမိလေသည်။ (ကျမသည်) အဖေမရှိသော ကလေးသုံးယေက်၏ မိခင်တယောက် ဖြစ်သည့်အတိုင်း စာနာစိတ် ပြင်းပြစွာဖြင့် “မိညို” ဟု ဝမ်းနည်းသံဖြင့် ခေါ်လိုက်မိသည်။


“ရှင်... ကြီးကြီး...”


မိညိုသည် ရှိုက်ယင်းထူးကာ မျက်ရည်တွေတွေဖြင့် ကျမမျက်နှာကို စိုက်၍ ကြည့်နေသည်။


“ဝမ်းနည်းမနေနဲ့တော့ ဒီမှာ နင့်အဒေါ်လဲ ရှိတယ်၊ လိမ်လိမ်မာမာနေ။ ကြီးကြီး ကျောင်းထားပေးမယ်၊ အခု နင်ဒီလို ဖြစ်ရတာ ဘယ်လို အကြောင်းကြောင့် ဖြစ်ရတယ်ဆိုတာ ကြီးကြီးကို ပြောနိုင်သလား။ ပြောနိုင်ယင် ပြောစမ်း...”


ကျမသည် သူတို့လင်မယား ကွဲသွား၍ သူ့သားသမီးက မည်သို့ ယူဆသည်၊ မည်သူ့အပေါ် အကြောင်းချမည်ကို သိလို ကြားနာချင်မိသည်။


မိညိုသည် မျက်ရည်စမ်းစမ်းရှိသော မျက်လုံးမပွင့်တပွင့်ကို မှိတ်လိုက်ကာ သုံးကြိမ် လေးကြိမ် ထပ်ဆင့် ရှိုက်နေပြီးမှ အသံတွက်လာသည်။


“သူတို့နှစ်ယောက်စလုံး မကောင်းလို့ မိညို ဒီလို ဖြစ်ရပါတယ်...”


“ဘာပြောတယ်...”


ကျမသည် နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။


“အဖေရော၊ အမေရော၊ နှစ်ယောက်စလုံး မကောင်းပါဘူး ကြီးကြီး...”


ကျမသည် ရင်ထဲ၌ အတော်ကြီး အောင့်နာ သွားလေ၏။ ကျမစိတ်ထဲ၌ မိညိုသည် ကလေးအရွယ် လူမမယ်အဖြစ် ဘာမှန်းမှ မသိတတ်သေးကာ လင်မယားကွဲမှုကို အဖေ မကောင်းလို့ ကွဲတာပါဟု အကြောင်းပုံချ ပြောလိမ့်မည်ဟု ထင်မိသည်။ ထိုသို့ မိညိုက အဖေဆိုးလို့ မကောင်းလို့ ကွဲတာပါဟု ပြောခဲ့သော်၊ ကျမက နင့်အဖေ မကောင်းတာသာ နင်မမြင်နဲ့ နင့်အမေ မကောင်းတာပါ နင်မြင်ပါဟု သူသိအောင် နားလည်အောင် ပြောပြကာ မိညို၏ ဘဝသက်တာ ရှေ့ရေးအတွက် တလက်စတည်း သူတို့အကြောင်း နမူနာပြလျက် မှတ်သား သွားစေရန် ဆုံးမသွန်သင်ရမည် ဖြစ်သည်။ ယခုတော့ ကျမကပင် ရှင်းပြောစရာ မလိုအောင် သူကိုယ်၌က သိမှုတရားကလေး ရှိနေပါကလားဟု အံ့သြရသည်။


“အေး မိညို မှတ်ထား နင် ကြီးလာယင် ဒီလို အဖေမျိုး ယောက်ျားမျိုးနဲ့ မတွေ့ပါစေနဲ့ ဒီလို အမေမျိုးလဲ နင် မဖြစ်ပါစေနဲ့ နားလည်လား...”


မိညိုက ခေါင်းညိတ်သည်။


ကျမမှာ မိညိုကို တစိမ့်စိမ့် ကြည့်နေမိလျက် ရင်ထဲတွင် တသက်သက် တနုန့်နုန့် ဖြစ်လာလေသည်။ ကျမသည် ကုလားထိုင်ပေါ်၌ မတ်ထားသော ကိုယ်ကြီးကို လျှောချလိုက်သည်။ ခြေပစ်လက်ပစ်ကြီး ဖြစ်သွားလျက် နဖူးပေါ်သို့ လက်တင်လိုက်ကာ မောင်ခင်နှင့် မကြည်တို့၏ ဇာတ်လမ်းကို အပြန်ပြန် အလှန်လှန် တနုန့်နုန့် စဉ်းစားဝေဖန် နေမိလေသည်။


(၃)


မိညို၏အမေ မခင်ကြည်ကို ကျမ အိမ်ထောင်ကျပြီးမှ တွေ့ဘူးရသည်။ ကျမငယ်စဉ်က ကျမအဖေဘက်မှ အဖေ၏ အမတယောက် အဖေ၏ ညီတယောက်သာလျှင် ရှိသည်ဟု သိခဲ့သည်။ ဆယ့်ငါးနှစ်သမီးလောက်ရှိမှ အဖေတို့မှာ မောင်နှမ သုံးယောက်အပြင် ညီငယ်တယောက် ရှိသေးသလိုလို သိလာပြန်သည်၊ သည် အရွယ်၌ ဒီအကြောင်း သိသိချင်း အဖေ့ကို အံ့အားသင့်စွာ မေးကြည့်ရသည်။


“အင်း... ဟုတ်တယ် သမီး၊ အဖေတို့အမေ ဆုံးသွားတော့ အဖေတို့အဖေဟာ နောက်မိန်းမနဲ့ သားတယောက် ရတယ်...”


ကျမသည် အဖေတို့ဘက်၌ အဖေတို့ မောင်နှမ သုံးယောက်အပြင် အဖေတူ အမေကွဲ ညီတယောက် ရှိသေးကြောင်း ထပ်သိခဲ့ပြီးနောက် ကျမအသက် နှစ်ဆယ်၌ အိမ်ထောင် မကျမီကလေး၊ အိမ်သို့တခေါက် ရောက်လာသော မကြည်တို့အဖေကို တကြိမ်တခါသာ မြင်ဘူးခဲ့သည်။


ကျမ အိမ်ထောင်ကျ သွားပြီးနောက် ကျမဖခင် မသေမီ မကြည်တို့အဖေ ငွေတိုက်စိုး ဦးစိန်ရွှေသည် ညောင်တုံး၌ သေဆုံးကြောင်း သတင်းသဲ့သဲ့ ကြားလိုက်ရသည်။


ကျမဖခင် သေဆုံးပြီး မလေးမြင့် မတ်တတ်ပြေးသော အရွယ်၌ ကျမအိမ်သို့ ဧည့်သည်ထူး ရောက်လာသည်။ အသက် ၄၀- အရွယ် ယပ်တောင်လေး ထောင်ထားသလိုပင် ပါးပါးလှပ်လှပ် ကျောနှင့် ရင်နှင့် ကပ်နေအောင် ပိန်ချုံး ကျနေသော မိန်းမ တယောက်သည် အိမ်ပေါ်သို့ တက်လာသည်။ ပိန်လှချည်ရဲ့ဟု ကျမက ငေးကြည့်မိသည်။


“အတင့်လေ… အတင့်၊ ညောင်တုံးက ကိုစိန်ရွှေရဲ့ မိန်းမ၊ အတင့်ဆိုတာ ကြားဘူးတယ်... မဟုတ်လား...”


ကျမသည် ပြောပြတော့မှ အံ့အားသင့်သွားသည်။ အတင့်နာမည်ကို ကြားသာ ကြားဘူးသည် မမြင်ဘူးချေ။ အတင့်မှာ ပိန်ချုံးလှသဖြင့် သက်ဆိုး ရှည်ပါ့မလားဟု သနားသွားသည်။


“သူ ဆုံးသွားတော့ အတင့်မှာ လူကမမာ ကလေးတွေ တပြုံကြီးနဲ့ သိပ်ဒုက္ခရောက်တာဘဲ...” ဟု အစချီကာ သားသမီး ငါးယောက် အနက်မှ သမီးကြီး မကြည်ကို ခေါ်မွေးရန် လာပြောလေသည်။


မကြည် အိမ်ရောက်လာသော အချိန်၌ ကျမတို့မှာ ရေကျော် ဂျာနယ်ကျော် ပုံနှိပ်တိုက် အပေါ်ထပ်၌ နေကြသည်။ မကြည် ရောက်လာပြီးနောက် မရီ ထပ်ရောက်လာသည်။ စစ်အတွင်း၌ အတင့် ဆုံးသွားသည်။ မရီတို့ကို သတင်းကြားကြားချင်း ပြန်ပို့လိုက်သည်။ စစ်ဘေးကြောင့် ကျမတို့ ရန်ကုန်က ပြေးခဲ့ရာ မရီတို့နှင့် အဆက်ပြတ်သွား၏၊ ဂျပန်ခေတ် ရန်ကုန် ပြန်ရွှေ့တော့မှ ညောင်တုံး၌ အဖေ အမေ မရှိ အတိဒုက္ခ ရောက်နေကြသော မောင်နှမတစုကို သမ္ဗာန်ကြီး တစင်းဖြင့် သွားခေါ်ရသည်။


မကြည်မှာ အရွယ်ရောက်နေသော မိန်းကလေး ဖြစ်၍ အိမ်မှုကိစ္စကို တတ်သိ နားလည်အောင် မျက်ခြည်မပြတ် လက်ထပ်သင်ပြ ပေးရလေ၏။ ကျမအိမ်တွင် နေထွက်မှ တံမြက်စည်းလှည်းရိုး ထုံးစံမရှိချေ။ နေ့စဉ်နေ့တိုင်း နံနက် လေးနာရီ ထကြရသည်။ မီးဖွင့်လျက် တအိမ်လုံး လှည်းကျင်း သုတ်သင်ကြသည်။ မိုးစင်စင် လင်းတာနှင့် တအိမ်လုံး သန့်ရှင်းပြီး ဖြစ်ရ၏။


ကျမမှာ အမှိုက်လှည်းသွားတာက အစ နေရာတကာ စံနစ်ကျမှ သေချာမှ သပ်ယပ်မှ ကြိုက်သဖြင့် ကျမသွေးသားရင်းချာ မိန်းကလေးများကို အိမ်အလုပ်နှင့် ပတ်သက်လျှင် မျက်နှာသာ တချက် မပေးချေ။ အလုပ်နှင့် လက်နှင့် မပြတ်အောင် စံနစ်ကျအောင် ခိုင်းလေသည်။


မကြည်မှာ မိဘအိမ်တွင် အိမ်အလုပ် လုပ်ရသူ မဟုတ်၍ ကျမလက်ထဲ ရောက်စ အလုပ်နှင့် လက်နှင့် မပြတ်ရခြင်းကြောင့် အနေရအတော် ကျဉ်းကျပ်ပုံရသည်။


“နင်တို့ဟာ မိန်းကလေးတွေနော်... နင်တို့ဘဝ ရှေ့ဘာဖြစ်ကြမယ် မသိဘူး၊ ကိုယ့်အိမ် ကိုယ့်အိုးနဲ့ နေတဲ့အခါမှာ အိမ့်တာဝန်ကို မထိန်းသိမ်းနိုင်ယင် ဒီမိန်းကလေးဟာ ဘာကတော်ကြီး ဖြစ်နေနေ အသုံးကိုမကျဘူး၊ နင်တို့ကို တဖွဖွသွန်သင်ပြီး လက်ထပ်ပြခိုင်းနေတာ အစေခံလို ခိုင်းတယ်လို့များတော့ မအောက်မေ့ကြနဲ့… တနေ့ ငါ့ကို နင်တို့ ကျေးဇူးတင်ရလိမ့်မယ်...”


ကျမသည် အိပ်ရာပြင်တာကအစ အိပ်ရာဖုံး အဝတ် ရွဲ့နေ စွေနေသည်ပင် ခွင့်မလွှတ်ဘဲ တခေါက်ပြန် လုပ်ခိုင်းတတ်သည်။ မိုးလင်းက မိုးချုပ် အိမ့်တာဝန် အိမ့်အလုပ်ကို ဘယ်နေရာမှ မျက်နှာမလွှဲဘဲ လိုက်ကြည့် စစ်ဆေးကာ အရာရာ သေချာရသည်။


မကြည်သည် ၂- နှစ်အတွင်း အိမ်မှုကိစ္စ ထိန်းသိမ်းမှုပညာ အရည်အချင်း အတော်ကြီး တိုးတက်လာသည်။ ကျမအိမ်တွင် လုပ်မည့် ကိုင်မည့်သူ ကရင်မိန်းကလေး သုံးလေးယောက် အမြဲထားရှိသော်လည်း သူ့ကိုချည်း လွှဲအပ်လုပ်ခိုင်းသည်။ တအိမ်လုံး သန့်ရှင်းနေအောင် နေရာတကျ စည်းနှင့် ကမ်းနှင့် သိမ်းဆည်း ရှင်းလင်း ပြင်ဆင်တတ်လာသည်။ အဝတ်အထည်ကို ပင်းမင်းရှုံးအောင် လျှော်ဖွပ် မီးပူထိုး တတ်လာပြီ၊ ထမင်းဟင်း ကျကျနန ချက်တတ်လာသည်။ အိမ့်တာဝန်အားလုံး အဖက်ဖက်၌ မျက်နှာလွှဲရအောင် နိုင်နင်းကျွမ်းကျင်လာကာ အိမ်ဖေါ် ကရင်မလေးများကိုပင် စီမံအုပ်ထိန်း တတ်လာသည်။


ဂျပန်ခေတ် ဗိုလ်လက်ျာအိမ်သို့ ပြောင်းရွှေ့ နေကြရသည့် အခါ၌ သခင်ဗဟိန်းနှင့် မခင်ကြီးတို့မှာ ကျမတို့နှင့် တအိမ်တည်း အတူတူ နေကြသည်။ မခင်ကြီးမှာ မကြည် လုပ်ပုံကိုင်ပုံ နေပုံထိုင်ပုံများကို ကြည့်လျက် မိန်းမ ပီသသည်ဟု အမြဲ ချီးမွမ်းလေသည်။


တနေ့ မခင်ကြီးနှင့် စကားစပ်မိကြသည်။


“တော်ပါတယ် ကလေးမလေးတွေ ဘာလုပ်လုပ် သိပ်ကို သေချာတာဘဲ အိမ်မှုအားလုံး လုပ်တတ်ကြတယ်။ သူတို့အဖို့ လင်ကောင်း သားကောင်း ရဘို့ဘဲ အရေးကြီးတယ် သည့်ပြင် ဘာမှ အရေးမကြီးဘူး...”


ကျမမှာ မခင်ကြီးက လင်ကောင်း သားကောင်းရဖို့ အရေးကြီးတယ် ဆို၍- မကြည်ကို လင်ကောင်း သားကောင်းနှင့် တင့်တင့်တယ်တယ် အိမ်ထောင်ဖက်နှင့် ဆုံမိရန် လိုလားမိသည်။ ကျမလက်ထဲ၌ အရွယ်မရောက်သေးသော သူ့မောင်အငယ် အပါကြီးနှင့် အမာတို့ တာဝန်ကလည်း ရှေ့အရှည်ကြီး လူဖြစ်အောင် မွေးရန် ရှိသေးသဖြင့် အကယ်၍ မကြည်သာ တင့်တင့်တယ်တယ် အိမ်ထောင်ဖက်နှင့် တွေ့ဆုံက သည်ကလေးတာဝန်တွေကို သူ ခွဲဝေ ယူနိုင်ပေမည်ဟု မျှော်မှန်းထားမိသည်။


“ကျမလဲ ကောင်းကောင်းမွန်မွန်လူနဲ့ တွေ့ယင် သူ့ကို နေရာချချင်ပါတယ်။ တင့်တောင့်တင့်တယ် အိမ်ထောင်ဖက်နဲ့ တွေ့ပါစေလို့လဲ အမြဲ ဆုတောင်းမိတယ် မခင်ကြီးရယ်...”


မခင်ကြီးနှင့် ကျမတို့နှစ်ယောက် စကားစပ်မိကြ၍ ပါးစပ်မပိတ်ကြသေးမီ မကြည်သည် လင့်နောက် လိုက်ပြေး သွားလေ၏။ မကြည် လိုက်ပြေးသော လင်မှာ ဂျပန်ခေတ်ကျမှ မခင်ကြီးဆီသို့ အညာက ခေတ္တ လာရောက်နေသော မခင်ကြီး၏ မောင်အငယ် မောင်လှခင် ဖြစ်ပေသည်။


မကြည် လင်နောက် လိုက်သွားသော နေ့က မခင်ကြီးမှာ မျက်နှာ မထားတတ်အောင် ဖြစ်လျက် အားနာပူထူ နေရှာသည်။ ရင်ပတ်ကို စုံထုလျက် မချင့်မရဲ ပြောလေသည်။


“မကြည်နှယ် မိုက်လိုက်ပါဘိ‌နှော်(နော်)... တော်တယ်လို့ ခြီးမွမ်းခါမှ ယောက်မမြင်းစီး ထွက်တယ်။ ကံဆိုးလိုက်တာနော်၊ သည့်ပြင်ယောက်ျား ယူပါတော့ ကျမမောင်က ရုပ်လဲမရှိ၊ ပညာလဲမရှိ၊ ဘာအလုပ်မှလဲမရှိ၊ မော်တော်ကားလေးဘဲ မောင်းတတ်တယ်။ ဖြစ်မှဖြစ်ရလေ သူ့အတွက် ကျမ စိတ်မချမ်းသာ လိုက်တာ...”


ကျမမှာ သူတို့ လိုက်ပြေးသွားသော နေ့ပင် မည်သူ တားဆီး၍မျှ မရဘဲ ဗိုလ်လက်ျာအိမ်မှ ဆင်းလာခဲ့သည်။ မခင်ကြီးထက် ပို၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ ကလေးတွေကို ကျမနှင့် ပစ်ထိုးထားခဲ့ကာ ထင်ရာ မြင်ရာ စိုင်းသွားသည်ကြောင့် သူ့မျက်နှာကို မကြည့်ချင်လောက်အောင် စိတ်ပြတ်သွားသည်။


ပြတ်ဆို အတော်ဘဲ ပြတ်သွား၏။ မခင်ကြီးက မြင်းလှည်းတစီး ထောင်ပေး၍ တာမွေ၌ မြင်းလှည်းမောင်းစား နေကြသလိုလို သဲ့သဲ့ ကြားရသည်။


တနှစ်ခန့် ရှိသွားသည့်နောက်...


မကြည့်ညီမ မရီနှင့် ကလေးများ ညောင်တုံးသို့အပြန် လမ်းတွင် မကြည်နှင့် သွားတွေ့ကြ၏။ ဆွဲခေါ်သွားကာ သူ့ထံသို့ ရောက်သွားကြလေ၏။ သူတို့လင်မယား ကွဲသွားကြပြီဟု သတင်းရ ပြန်သည်။ ကလေးတယောက်နှင့် ကွဲခဲ့၍ မရီက ကြည့်မြင်တိုင်‌ဈေးတွင် တပြုံလုံးကို ဈေးရောင်းကျွေး နေသည်ဟု တွေ့သူ မြင်သူများက လာပြောသည်။


ဂျပန်ခေတ် ကျော်လွန်၍ ကျမခင်ပွန်း သေဆုံးပြီးနောက် တနေ့တွင် သိမ်ကြီးဈေးသို့ ရောက်သွားသည်။ သိမ်ကြီးဈေး၌ ဒူးရင်းယို ရောင်းနေသော မရီနှင့် သွားတွေ့ရ၏။ ကျမမှာ ဈေးရောင်းနေတာ မြင်ပြန်တော့ ကရုဏာ ဖြစ်ရပြန်ကာ အကျိုးအကြောင်း စုံစမ်း မေးမြန်းကြည့်သည်။ မကြည်မှာ လင်နှင့် လေးငါးနှစ် ကွဲနေပြီးမှ ယခု ပြန်ပေါင်းကြောင်း သိရသည်။ သူတို့နေသော ယောက်လမ်း ခြံထဲသို့ တနေ့ သွားလည်သည်။


တဲအိမ်ကလေး ဖြစ်သည်။ ပြည်ထောင်စု ဘဏ်တိုက်မှ မောင်သိန်းဟန်နှင့် အတူတကွ ညီအကို မောင်နှမများ အားလုံး စုနေကြသည်။ တဲအိမ်ကပြင်၌ အင်္ကျီချွတ်နှင့် ငုတ်တုတ်ကြီး ထိုင်နေသော မောင်လှခင်ကို တွေ့ရသည်။ မကြည်နှင့် ညားပြီးမှ ပထမအကြိမ် တွေ့ရခြင်းပင်။


ကျမမှာ မကြည်တို့နှင့် စုဝေးထိုင်ကာ စကားပြောကြသည်။


“အညာသားကတော့ ကျမ သေဆိုသေ၊ ရှင်ဆိုရှင် မလှုပ်ဝံ့ပါဘူး။ ထားရာမှာ ငုတ်တုတ် နေပါတယ်”


မကြည် ပါးစပ်မှ လေသံထွက်လာလျှင် မရီနှင့် အမာက “အညာသားကို သူ သိပ်နိုင်တာဘဲ” ဟု ဝိုင်းပြောကြလေ၏။


“နေစမ်းပါအုံးအေ... ညည်းတို့ ပြောပုံ ဆိုပုံက အညာသား၊ အညာသားနဲ့ နှိမ့်နှိမ့်ချချ ဘယ်လိုပြောကြတာလဲ...”


ကျမက မျက်နှာထားနှင့် ပြောလိုက်၍ မရီနှင့် အမာမှာ ခေါင်ငုံ့သွားကာ ပြုံးစေ့စေ့ လုပ်နေကြသည်။ မကြည်က တုတ်ထိုးအိုးပေါက် ထပ်ပြောပြန်သည်။


“ကျမကတော့ တသက်လုံး အညာသား ခေါ်တာဘဲ”


ကျမမှာ နားခါးသွားသည်။ သို့သော် သူ့လင်သူ အညာသားခေါ်ခေါ် ဘာခေါ်ခေါ် အငယ်တွေကပါ မခေါ်ရန် တားမြစ်မှ ဟု…။


“သူ့ဟာသူ ဘယ်လိုခေါ်ခေါ် ညည်းတို့က ကိုယ့်ခဲအိုသားချင်းတယောက် ဖြစ်လာမှ ဘာကိစ္စ အညာသား အညာသားနဲ့ ပြောရတာလဲ...”


“မမကြည်နဲ့မှ မတန်တာ အညာသားဘဲ ခေါ်မှာဘဲ...” ဟု အမာက နှုတ်ခမ်း ပွစိပွစိဖြင့် ခပ်စူစူလေး ပြောလေသည်။


“ကလေးဘဲ နှစ်ယောက် ရနေပြီ... ညည်းတို့က ခုထက်ထိ ညည်းအမနဲ့ မတန်တုန်းဘဲလား... ပြောစမ်းပါအုံး”


ကျမမှာ မရီတို့ညီအမကို ကြည့်ကာ ခက်ရချည်ရဲ့ဟု တွေးမိသည်။ သူတို့စိတ်ထဲ၌ အခုထက်ထိ မကြေမနပ်ရှိတုန်းကို အံ့သြနေမိသည်။ ကျမမှာ မောင်လှခင်ကို လှမ်းကြည့်လိုက်သည်။ ပါးစပ်ထဲ လက်ညှိုးထည့်၍မှ မကိုက်တတ်သလို ပုံပန်း၊ သူ့အရှိ သူ့စရိုက်အတိုင်း မဲမဲသဲသဲ ရိုးရိုးနုံနုံ ကုပ်ကုပ် ပုံပန်းသဏ္ဌာန် ပေါ်လွင်နေကာ သူတို့အလယ်တွင် ထုံထိုင်းထိုင်း ညှိုးညှိုးခြောက်ခြောက် သနားစရာ ကောင်းနေသည်။


“ကျမတော့ သူတို့ ကလေး နှစ်ယောက်သာ ရနေတယ် တခါမှ အညာသားကို မျက်နှာချင်းဆိုင် စကားမပြောဘူးသေးဘူး...”


မရီက မဲ့ပြောလေသည်။


“မောင်(အမာ)ကလဲ သူ့ဖက်ပြီး စကားကို မပြောဘူး” အမာက ဝင်ပြောပြန်သည်။


မကြည်မှာ ညီမများက သူ့ခင်ပွန်းကို ဝိုင်း၍ ချိုးချိုးဖဲ့ဖဲ့ ပြောနေခြင်းကို အနာယူပုံ တစက်မှ မရှိသည့်အပြင် တောက်ပသော မျက်လုံးကြီးဖြင့် မျက်နှာတပြင်လုံး ကျေနပ် ကြည်သာခြင်း အပြည့်အဝ ဖေါ်ပြနေသည်။


ကျမမှာ သူတို့တတွေ တအိမ်ထဲ အတူတူပေါင်းနေကြပြီး သည်အချိုးအတိုင်း၊ သည်စိတ် သည်သဘောအတိုင်း သွားကြယင်တော့ တနေ့ခက်မည်ဟု တွက်မိသည်။ လူသား မဆိုထားနှင့် သစ်တုံးကြီးပင် ခလုတ်တိုက်ပါ များတော့ လှုပ်သေးလေရာ “လူ့သစ်တုံး” ကို ခလုတ်တိုက်ပါ များကြ၍ တနေ့နေ့ လှုပ်လာချေက အကျိုးနဲကြလိမ့်မည်ဟု ထင်မြင်မိသည်။


မောင်သိန်းဟန် ရုံးမှပြန်လာရာ မောင်လှခင်မှာ တော်ရာ ထသွားလေသည်။


ကျမမှာ တခေါက်ရောက် တထိုင်တည်းနှင့်ပင် အားလုံးပေါ်တွင် အကဲခပ် လေ့လာကြည့်နေသည်။


မောင်သိန်းဟန်သည် ဆေးလိပ်တို လက်ညှပ်လျက် မေးခါခါ၊ ခေါင်းခါခါဖြင့် တမျှင် တတန်းကြီး လေဆက်မပြတ် ပြောချပါလေ၏။


“သူ့ရုပ် ကြည့်ပါအုံး မမရဲ့... အညာသားမယား လူမွေးလူတောင် ပြောင်သေးရဲ့လား အကြာကြီး ကွဲနေပြီးမှ ကျွန်တော်တို့က ပြန်မပေါင်းပါနဲ့ဆိုတာ ပြောလို့ကို မရဘူး ပြန်ပေါင်းတယ်။ တနေ့လုံး ထိုင်ကြည့်လို့ ဘယ်နေရာတကွက်မှ ကျက်သရေမရှိတဲ့ဟာကို သူက မပြတ်နိုင်ဘူး မှားတုန်းက မှားခဲ့ပြီ အဲဒါ မပြင်ချင်သေးဘူး။ အခုထပ်ပြီး ကလေး တယောက်က နှစ်ယောက် ဖြစ်လာပြန်ပြီ။ လင်က ဒရိုင်ဘာ ရတာမှ တလ ၁၀၀/-ိရယ်၊ သမီးကို ကွန်ဗင့်ကျောင်း ထားချင်သေးတယ်။ စိတ်ကြီးကလဲ ခုထက်ထိ ဝင်တုန်း မိုက်လုံး အင်မတန်မှ ကြီးတဲ့မိန်းမ ကျွန်တော်တို့နဲ့ အတူတူပေါင်းပြီး စုစားနေကြလို့သာပေါ့။ သူတို့ဟာသူတို့များ တကွဲတပြား နေကြယင် ကွန်ဗင့်ကျောင်း ဝေးလို့ မမရယ်... အဝတ်တောင် လုံလုံလောက်လောက် ဖုံးစရာ ရှိကြမှာ မဟုတ်ဖူး...”


ကျမမှာ နားထဲတွင် မီးစကြီးနှင့် ထိုးသွင်းလိုက်သလိုပင် အလွန်ပူပြင်း သွားသည်။ တအိမ်တည်း အတူတူစုဝေး နေကြသော သူတို့၏နှုတ်မှ ထွက်ပေါ်လာသော အသံဗလံများမှာ အက်သံ မြည်နေလေ၏။ မောင်လှခင်ဘက်မှ ကြည့်လျှင် သည်အိမ်ပေါ်၌ တနာရီမှ နေချင်စရာ မကောင်းအောင် တွေ့ရသည်။ သူတို့ဘက်မှ ကြည့်သည့်အခါ မောင်လှခင်နှင့် တမိုးအောက် တပြင်တည်း တနာရီလေးမှ အတူတူ မနေချင်မှန်း တွေ့ရသည်…။


ကျမမှာ တခေါက် ရောက်သွားတာနှင့်ပင် အကြီးအကျယ် စိတ်ပျက်သွားသည်။ ကျမသည် မကြာခဏ မရောက်တော့ချေ။ တွေ့ချင်လျှင် သူတို့ကို အိမ်ခေါ် သည်။ မရီအတွက် သိမ်ကြီးဈေး အပြင်တန်း၌ ဆိုင် ဆောက်ရန် ငွေ ၁၀ဝဝိ- ရှာပေးလိုက်သည်။


ဤအိမ်ကလေးပေါ်တွင် မကြည်သည် လင်နှင့် ရန်ဖြစ်လိုက်၊ အိမ်ပေါ်က ဆင်းသွားလိုက်၊ လင်က လိုက်ခေါ်လိုက်၊ ပြန်တက်လိုက်နှင့် အကြိမ်ကြိမ် တက်ချည် ဆင်းချည် လုပ်ခဲ့လေ၏။


ယောက်လမ်း ခြံထဲ၌ အိမ်များ ဖျက်သိမ်းရ၍ သူတို့အိမ်ကလေးမှာ အဖျက်ထဲ ပါသွားသည်။ မောင်လှခင်မိခင် ဒေါ်မြကြီးနေရာ သခင်ဘဟိန်း နေသွားသော မြေနုလမ်းအိမ်သို့ သူတို့ ရွှေ့ပြောင်း နေကြသည်။


အိမ်ပြောင်းသွားမှ အိမ်ကြီးကို ဖိတ်ဖိတ်လက်နေအောင် ပေါလစ်တိုက်ကြ၏။ မောင်သိန်းဟန်က အိမ်ထောင် ပရိဘောဂသစ်များ ဝယ်၍ ခင်းကျင်း ပြင်ဆင်လိုက်ရာ သားသားနားနားချည်း ဖြစ်သွားလေသည်။


တနေ့ ကျမ ရောက်သွားသည်။ အိမ်တွင် မကြည်နှင့် မရီတို့သာ ရှိလေသည်။ ကျမက ပြင်ဆင်ထားသော အိမ်ကြီးကို လိုက်ကြည့်သည်။


“မမ ကျေးဇူးပါဘဲ မမနဲ့ နေတုန်းက ခိုင်းလိုက်တာ ဂျီးများလိုက်တာလို့ အောက်မေ့မိတယ်... မမနဲ့ ခွဲလာကတည်းက ကျမတို့ ညစ်ညစ်ပတ်ပတ်ကို မနေတတ်တော့ဘူး...”


ကျမမှာ ပြုံးနေသည်။


ကျမအပြုံးမှာ သူပြောတာကို သဘောကျ၍ ပြုံးခြင်းမဟုတ်။ မကြည်တို့ အိမ်ခန်းထဲ၌ တွေ့မြင်ရသော အရာများကို ကြည့်ကာ ပြုံးနေလေသည်။


ခင်းကျင်းထားသော အိပ်ရာ၏ အိပ်ရာခင်း ခေါင်းအုံးစွပ်တို့မှာ ဒိုဘီချအတိုင်း ကော်တောင့်ကာ ဖွေးဖြူ နေလေသည်။ အိပ်ရာပေါ်၌ မီးပူတိုက်ပြီး ပုံတင်ထားသော မောင်လှခင်၏ ပုဆိုး ရှတ်အင်္ကျီများမှာလည်း ပင်းမင်းက ရွေးလာသလား မှတ်ရပေမည်။ ကြမ်းခင်းမှာ အရိပ်မြင်ရအောင် အရောင် တောက်လက်လျက် ရှိသည်။


သူတို့ အိပ်ခန်းမှာ အာအီးတီ မော်တော်ကား မောင်းသော ဒရိုင်ဘာလင်မယား အခန်းဟု မထင်ရ၊ ရုံးဝန်ထောက်၊ ရုံးစာရေးကြီး လင်မယား နေကြသော အခန်းမျိုးနှင့် တူပေသည်။ မောင်လှခင် ဘဝ မောင်လှခင် အခြေအနေနှင့် မကြည်လို ပြောင်ပြောင်ယောင်ယောင် နေတတ်သော မယားမျိုးကို ထမင်းထုပ်နှင့် လည်ရှာဦးတော့ အစားတွေ့ဖို့ မမြင်သဖြင့် ပြုံးရလေသည်။


ကျမမှာ ပြုံးရာက ချက်ခြင်း မျက်နှာပျက်လောက်အောင် တစုံတခုကို တွေးမိ၍ မျက်နှာမပျက်အောင် ပြန်ကြိုးစားရလေသည်။


အိမ်ကြီးကို အထက်တန်းကျကျ တခမ်းတနား ပြင်ဆင်ကြလျက် စည်းကမ်းတကျ သပ်ယပ် သန့်ပြန့်စွာ လုပ်ကိုင် နေထိုင်တတ်သော စရိုက်ဓလေ့ အကျင့်သည် မကြည်အတွက် ကောင်းကျိုး ပြုပါမည်လောဟု သံသယ ဖြစ်မိသည်။ သံသယဖြစ်မိ၍ ထိတ်ကနဲ ဖြစ်သွားရာ မျက်နှာမပျက်အောင် ကြိုးစားရလေသည်။


ထိုအတွင်း နေ့လယ် ထမင်းစားချိန် ကျ၍ အိမ်ရှေ့၌ အာအီးတီ ကားကြီး လာဆိုက်လေ၏။


မောင်လှခင်သည် ကုပ်ချောင်းချောင်း တက်လာလေသည်။ သူ့အမူအရာမှာ အစဉ်သဖြင့် ကိုယ့်လိပ်ပြာကိုယ် မလုံသူကဲ့သို့ ကြည့်ပုံရှုပုံ လမ်းလျှောက်ပုံကအစ ရဲရဲတင်းတင်း မရှိ၊ စကားပင် လေးလုံးကွဲအောင် ပြောရန် ရွံ့နေ ဆွံ့နေသော လူထဲမဝင်ရဲသည့် အမူအရာမျိုး ရှိနေ၏။


မောင်လှခင် ကားဆိုက်လျှင် မကြည်က အမာကို “အညာသား လာပြီ ထမင်း ထဲ့ပေးလိုက်” ဟု လှည့်ပြောလိုက်သည်။ အမာက “ပြင်ပြီးသားဘဲ အုပ်ထားတယ်” ဟု ဆိုကာ နေရာမှ မထချေ။


အိမ်ပေါ် တက်လာသော်လည်း မကြည်က ဆီးကြိုနှုတ်ဆက်သမှု မပြု မမြင်သလိုပင် စကားပြောစရာ မလိုအပ်သလိုပင် အရေးမထားပုံ အရာမထားပုံမှာ ထင်ရှားနေသည်။ ထိုအခိုက် ကျမစိတ်ထဲတွင် မောင်လှခင်ကို သနားသွားမိသည်။ အကယ်၍ မောင်လှခင်သည် ခေတ်ပညာ အရည်အချင်းကလေး အသင့်အတင့်နှင့် ဟန်ကျပန်ကျ ဖြစ်ချေက အလုပ်ကအပြန် ပျာပျာသလဲ ကြိုဆို နှုတ်ဆက်ရမည်သာ ဟုတွေးကာ သနားရခြင်းဖြစ်သည်။


ကျမက ရဲပါစေတော့ဟု “မင်း အလုပ်က ပြန်လာပြီလားဟေ့...” ဟု နှုတ်ဆက်လိုက်ရာ “ဟုတ်ကဲ့” ဟု ပြောပြောဆိုဆို နောက်ဖေးသို့ တန်းဝင် သွားလေသည်။ သူ့အတွက် ပြင်ထားသော ထမင်းစားပွဲ၌ ထမင်းထိုင်စား နေသည်။


မောင်လှခင်ကို တအိမ်လုံး မည်သူကမျှ မေးဖေါ်ပြောဖက် လုပ်၍ စကား မပြောကြပေသည့် သူ့သားကလေး သံချောင်းမှာ အဖေနားသို့ ထပြေးသွားကာ တီတီတာတာ စကားပြော နေရှာ၏။ ကျမမှာ သည်အိမ်တွင် မောင်လှခင်အတွက် စကားလက်ဆုံ ပြောမည့်သူ သံချောင်းဘဲ ရှိတယ်ဟု အောက်မေ့လိုက်သည်။


မောင်လှခင်သည် ထမင်းစားပြီး ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ပြန်ဆင်းသွားလေ၏။


“နေပါအုံးဟ... မိညိုကကော သူ့အဖေကို မခင်ဘူးလား” ဟု ကျမက မောင်လှခင် ဆင်းသွားမှ မေးကြည့်လိုက်သည်။


မရီသည် ပြုံးရယ်လျက် “သိပ်မုန်းတာဘဲ မမ” ဟု ပြောလေ၏။ မိညိုသည် သူ့အဒေါ်မျက်နှာကို ပြုံးစိ ပြုံးစိဖြင့် ကြည့်နေလေသည်။


“မိညိုငယ်ငယ်က ဒိုင်အိုကျောင်းမှာ ထားတုန်းက တခါတလေ အညာသားက ကျောင်းလွှတ်ချိန် သူ မောင်းတဲ့ကားနဲ့ ကျောင်းသွား ကြိုတယ်၊ အဲဒါ အိမ်ပြန်လာတော့ မိညိုက အညာသားကို ကျောင်း လာမကြိုခိုင်းပါနဲ့ သူ ရှက်ပါတယ်လို့ ပြောလို့ ကျမတို့ ရယ်ရသေးတယ်...”


မကြည်သည် ပြောပြီး တခစ်ခစ် ရယ်နေလေသည်။ မကြည် ရယ်နေတုန်း အမာက ရယ်စရာသဘောမျိုး ထပ်ပြောပြန်သည်။


“မမရေ… အခုလေ၊ အညာသားက အင်္ကျီချွတ်ကြီးနဲ့ ကုလားထိုင်ပေါ်မှာ စတိုင်နဲ့ ထိုင်ပြီး ခြေထောက်ကြီး ချိတ်ပြီး ရေဒီယို ဖွင့်လို့...”


အမာသည် ပြောပြီး ဟက်ဟက်ပက်ပက် ရယ်မော နေလေ၏။


“ဟဲ့... နင်တို့ ဘယ်လိုစကားတွေ ပြောနေကြတာလဲ ဟင်… နင်တို့က ဘေးက အဲသလောက် ပြောနေကြယင်တော့ ဟိုမိန်းမက သူ့လင်ကို သာပြီး အထင်သေးသထက် သေးမှာဘဲ၊ နင်တို့ ပြောတာ ဆိုတာတွေ ငါ့နားနဲ့ ထောင်လို့ကို မရဘူး”


“ကျမတောင် မနှစ်သက်ဘဲဟာ သူတို့ဘယ်လာ နှစ်သက်ကြပါ့မလဲ မမရယ်... စညားကတည်းကမှ တစိမှ ကျမ မနှစ်သက်ဖူး၊ ယူတုန်းကလဲ ချစ်လို့ ကြိုက်လို့ ယူခဲ့တာ မဟုတ်ဖူး၊ တစောက်ကန်း မိုက်စိတ်ဝင်ပြီး သူ့နောက် ထလိုက်မိတာ ကျမက ပြတ်နိုင်တယ်၊ သူက ကျမကို မပြတ်နိုင်ဘူး မနှစ်သက်ဘဲနဲ့လဲ ပေါင်းနေရတယ် မမရယ်...”


ကျမသည် နှလုံးနာစွာဖြင့် မကြည်၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး နောင်ပြင်ရန် ခက်သည့်အမျိုးဟု ရွတ်ဖတ်နေသော လင်္ကာစာပိုဒ်သည် ကျမနားထဲတွင် ကြားယောင်လျက် ရှိမိသည်။


မကြည် ခံစားနေရသော ဆင်းရဲကို တွေးမိသည်။ မချစ် မနှစ်သက်သောသူနှင့် အတူတကွ နေရသော ဆင်းရဲကို သံဝေဂယူလျက် သည်ဘဝတွင် ပြင်စေမှ သူ့အတွက် သံသရာ၌ ချမ်းသာမည်ဟု နှလုံးပိုက်မိသည်။ အဆင်မပြေသော သူ့အိမ်ထောင်ကို အဆင်ပြေစေအောင် တရားလမ်းအတိုင်း ဖျောင်းဖျ ဆုံးမ နေလိုက်သည်မှာ တနေကုန် သွားလေ၏။


ကျမကပင် မောင်လှခင်ဟု ခေါ်နိုင် ပြောနိုင်ပါသေးလျက် သူတို့မှာ “အညာသား” သာလျှင် နှုတ်ကျိုး နေကြလျက် ပြုပြင်ရန် ဘယ်လို ဆုံးမ၍မျှ မရချေ။ သူတို့နှင့် ပတ်သက်၍ ကျမမှာ ယောက်ျားနောက် လိုက်သွားတုန်းကလည်း တော်တော် စိတ်ထိခိုက်ခဲ့ရ၏။ ယောက်ျားယူပြီး ယောက်ျားကို နေရာမထားပြန်သည့် အတွက်လည်း စိတ်ဆင်းရဲ နေလေသည်။


ကျမသည် သူတို့အိမ် ရောက်တိုင်း မတော်မတဲ့တာတွေ ကြားရ မြင်ရလွန်းသဖြင့် အကုန်သိမ်းကျုံး လျှောက်ပြောရကာ မောလှလေသည်။


မကြည်သည် သူ့လင်နှင့် စိတ်ဆိုးကာ မအူပင်က ဆွေမျိုးများဆီ သွားနေမည်ဟု အိမ်ပေါ်က ဆင်းပြန်လေ၏။ ကလေး နှစ်ယောက်ကို မရီနှင့် ထားပစ်ခဲ့လျက် ကျမအိမ်သို့ ဝင်လာသည်။


ကျမသည် မကြည်အား အာခေါင်ခြောက်လောက်အောင် ဆူပွက်လျက် ပြန်ပေါင်းရန် ဆိုဆုံးမပြောသည်၊ သူ ယောက်ျားနှင့် ပြန်ပေါင်းရလျှင် သူ့ကိုယ်သူ သတ်သေပါတော့မည်ဟု ဆိုသည့် အကြောင်းပြချက်မှာ “လူပါးဝ၍” ဖြစ်လေသည်။


“သူ့ကို ဘယ်သူကများ မြှောက်ပေးတယ် မသိပါဘူး၊ နောက်ကို သူနဲ့အတူတူ ကျမ ထမင်းလက်ဆုံ စားရမယ်တဲ့ သူ ဘယ်အချိန် ပြန်လာလာ စောင့်ပြီး အတူတူ စားရမယ်တဲ့၊ မစားယင် ပိုက်ဆံ မပေးဘူးတဲ့။ တသက်လုံးက ခေါင်းမမော်ဘဲ ဒီအိမ်ကြီးကျမှ လူပါးဝလာတယ်၊ ကြီးကျယ်လိုက်တာ ကျမ ဘယ်နည်းနဲ့မှ သူနဲ့ ပြန်မပေါင်းချင်ဘူး”


“အတူတူ စောင့်စားပါဆိုယင် အတူတူ စားလိုက်ပေါ့။ ညည်းယောက်ျား မဟုတ်လား၊ ညည်းယောက်ျား အနေနဲ့ ပြောတဲ့စကားကို ငါက လွန်တယ်၊ လမ်းမကျဘူးလို့ မပြောနိုင်ဘူး၊ တရားလမ်း ကျတယ်။ လူပါးဝတယ်လို့ ပြောတဲ့သူက လမ်းမကျတာ”


မကြည်မှာ တသက်လုံးက ဒီစကား မပြောဘဲ ခုလိုပြောရမလားဟု ဆတ်ဆတ်တုန် နေလေသည်။ ဒေါသကြီးလေလေ အဖက်တန်လို့လား ဆိုသော မာန်မှာ ပြင်းလေလေ၊ ကျမမှာ ဒေါသ ရုတ်သိမ်းအောင်၊ မာန်ကျအောင်၊ တရားနှင့်ပြလျက် ဆုံးမ လိုက်သည်မှာ လည်ချောင်းကို ပွလာလေ၏။


ကျမမှာ ပြောဆိုဆုံးမ မရ၍ “ကိုင်း မယ်မင်းကြီးမ အလိုရှိရာကြွ... ညည်း သဘောအတိုင်း တနေ့ ညည်း ဒီထက် ဒုက္ခကြီး တွေ့အုံးမယ် ငါပြောတာ မှတ်ထား ညည်းလောက် ဘဝကုသိုလ် ညံ့တဲ့မိန်းမ ငါ မတွေ့ဖူးဘူး...” ဟု ပြောလိုက်သည်။


မကြည်မှာ သူ့ယောက်ျားကို ဘယ်လောက်ဘဲ ပြတ်ချင်ပြတ်ချင် သူ့ယောက်ျားမှာ သူ့ကို အလွန်စုံမက်ရကား ပြေးလို့ မရချေ။ လမ်းတွေ့တာနှင့် အတင်းဆွဲလေ၏။ သူတို့ကိစ္စနှင့် အရပ်ထဲက သူကြီးလည်း အေးအေး မနေရချေ။ တိုင်လိုက် တောလိုက်နှင့်ပင် ထိုအခါက ကွဲမလိုလိုနှင့် ပြန်ပေါင်းရလေ၏။


မောင်လှခင်နှင့် ပြန်ပေါင်း၍ နောက်ထပ် ကလေးမလေး တယောက် မျက်နှာမြင်ပြီးနောက် တနေ့တွင် မကြည်သည် ညှိုးမှိုင်မှိုင်နှင့် အိမ်ပေါ်သို့ တက်လာလေသည်။


“ဘာလာလုပ်သလဲ...” ဟု ကျမက မေးလိုက်သည်။


“ကျမ အင်းစိန်က ပြန်လာတယ်၊ အညာသားအကို အင်းစိန်ထောင်မှာ အလုပ် လုပ်နေတဲ့ ကိုအောင်သိန်းဆီ သွားပြီး သူ့ညီအကြောင်း သွားတိုင်တာ...”


“ဘာဖြစ်ရပြန်ပြီလဲ...” ဟု ကျမက ငေါက်လိုက်သည်။


“အလကား မမရယ်၊ ကျမကို နေ့ရှိသ၍ ရန်မူနေတယ်၊ ရှက်စရာ ကြောက်စရာတွေ ပြောလို့ သွားတိုင်တာ...”


“ဘာပြောလို့လဲ”


“ကျမကို လင်ငယ် နေချင်သတဲ့၊ မသင်္ကာဘူးတဲ့။ အယင်တခါ ကွဲတုန်းက မအူပင် ဘကြီး ဦးပုအိုတို့ဆီကို သွားတာ မယုံနိုင်ဘူးတဲ့ အဲတာ အကြောင်းပြပြီး သူ့လခ ပိုက်ဆံတပြားမှ မပေးတော့ဘူး၊ လူမသိအောင် အတွင်းကျိတ် ကျိတ်နှိပ်စက်နေတယ်...”


ကျမမှာ နားရှက်သွားကာ စက်ဆုတ်စွာဖြင့် “အတော်ရိုင်းတဲ့ သူငယ်ဘဲ...” ဟု ပြောလိုက်သည်။ ပြောပြီးမှ ပြန်၍ တွေးဆလိုက်ကာ စဉ်းစဉ်းစားစားဖြင့် မေးမြန်းကြည့်လိုက်သည်။


“ညည်းကို အဲဒီထိအောင် ပြောရဲတဲ့အဖြစ် ရောက်လာတာတော့ မအံ့ဩပါဘူး။ ကိုင်း- ပြောစမ်းပါအုံး ဘာဖြစ်လို့ ဒီလိုပြောရသလဲ ဆိုတာ ညည်း စဉ်းစားကြည့်ရဲ့လား... ညည်း စဉ်းစားမိရမယ်...”


မကြည်သည် ခေါင်းကို ကြမ်းနှင့် ထိလုမတတ် ငုံ့သွားကာ ရှက်ကြောက်ခြင်း ပြင်းစွာဖြင့် တဆတ်ဆတ် တုန်နေလေ၏။ တော်တော်နှင့် မပြောဝံ့၊ ပြောပြန်လည်း စကားထစ်သော သူကဲ့သို့ တလုံးထွက်လာ နှစ်လုံးထွက်လာနှင့် ပြောလေသည်။


“အိမ်မှာက... မမသိတဲ့ အတိုင်းပါဘဲ... အပါကြီးတို့ လင်မယားကလဲ ပိုက်ဆံမှန်မှန် မပေးဘူး၊ အညာသားကလဲ ရတဲ့လခ မြင်းလောင်း လိုက်သေးတယ်။ မရီမှာလဲ သူ့ဆိုင်လခတွေ ကြိုကြိုပြီး ယူသုံးနေရတော့ လစဉ် မရတော့ဘူး၊ မောင်သိန်းဟန်ဘဲ ဆန်တို့ ဆီတို့ မှန်မှန်ဝယ်တာ တခါတလေ ဈေးဘိုးတောင် မရှိအောင်ကြပ်လို့ အင်္ကျီ လုံချည် ပေါင်ရတယ်၊ ကျမမှာ ကလေးသုံးယောက် ဖြစ်လာတော့ အညာသား လခနဲ့ဟာ အတော်ကသီလင်တ နိုင်ပါတယ်... ဒါတောင် မွေးတိုင်း အဖတ်မတင်လို့ဘဲ၊ ကလေးတွေနဲ့ မလောက်မင ဒုက္ခရောက်ပါတယ်။ ကျမက သားသမီး နီးလွန်းလို့ အဲတာကြောင့်... သားသမီး ဝေးချင်တာနဲ့...”


မကြည်သည် ရှေ့ဆက်ပြောရန် ကြောက်လှစွာဖြင့် မပြောဝံ့တော့ဘဲ တရှုတ်ရှုတ် ငိုကြွေးနေလေ၏။ သူ့ယောက်ျားပညာရှိ အထင်လွဲပုံ စွပ်စွဲပုံမှာ သူ့အတွက် ကိုယ်ကျိုးကြီး နဲရလေ၏။ သူ့ယောက်ျားကို မနှစ်သက်မှန်း တသက်လုံး ပြလာခဲ့လေသမျှ... ယခုအကြောင်းဆိုက်မှ ကောင်းကောင်းကြီး တန်ပြန် ထိနေလေ၏။


မကြည်သည် သူ့ယောက်ျားကို တသက်လုံး ချိုချိုသာသာ မပြောခဲ့ တုတ်ထိုးအိုးပေါက် ငေါက်ဆတ်ဆတ် ပြောနေကျခဲ့၏။ သူ့ယောက်ျားနှင့် ဘယ်ခရီးမှ ယှဉ်၍တွဲ၍ သွားလားလာလား မလုပ်ဘဲ တယောက်တကွဲ သွားနေကျခဲ့၏။ မကြည်၏ ယောက်ျားမှာ သူ့မယား သူ့ကို မနှစ်သက်မှန်း သိ၏။ သူနှင့် သွားအတူ လာအတူ တွဲရမှာ ရှက်မှန်းလည်း နားလည်၏။ သို့သော် မကြည်၏ ယောက်ျားသည် မကြည်သူ့မယားဖြစ် ပြီးရောဆိုသော ဒါတခုနှင့် သည့်ပြင်အရာတွေ အားလုံး ဖလှယ်နိုင်သည်။ သူ့ကို ဆဲဆဲဆိုဆို ခံခဲ့သည်။ မာမာကျောကျော ပြောလည်း မနာဘဲနေခဲ့သည်။ ယောက်ဖနှင့် ခယ်မများက သူနှင့် သဘောမတူနိုင်၍ မတူကြောင်း နာနာကြည်းကြည်း ပြောဆိုနေကြမှန်း သိလျက်ဖြင့် ရေမြွေလို စင်းခံ နေခဲ့သည်။ ယခုသော် သူ့မယားက သားသမီး ဝေးချင်သည်နှင့် တချက်တည်း နာလုံးကြီးကြီးဖြင့် ရစရာမရှိအောင် အထင်လွဲလာချင်လေ၏။


“ကိုင်း... ဘယ့်နယ်ရှိစ မဟဝှါ... ဟိုတခါ ကွဲတုန်းက ငါ မပြောဘူးလား နင့်စိတ် မပြင်ယင် နင်တနေ့ ဒိထက် ဒုက္ခရောက်လိမ့်မယ်လို့ ပြောခဲ့တယ် မဟုတ်လား ညည်းဘက်က ညည်းအပြစ်တွေကော ညည်းမြင်ရဲ့လား”


မကြည်သည် ကျမ ကြိမ်းမောင်း နေသည်ကို ကြောက်ကြောက်ဖြင့် ရွံ့နေယင်း… “ကျမဘက်က ဘာအပြစ်မှ မရှိပါဘူး မမရဲ့ သူ့ကို မနှစ်သက်ပေမယ့် ကျမဘက်က မယားဝတ္တရား တချက်မှ မပျက်ကွက်ပါဘူး” ဟု ပြောလိုက်၍ ကျမမှာ ပိုမို၍ စိတ်ဆိုးလာသည်။


“မြင်ပါတယ် ညည်းဘက်က မပျက်တဲ့ မယားဝတ္တရားတွေ ငါ မြင်ပါတယ်။ အိပ်ရာများ ပြင်ထားလိုက်တာ ဒိုဘီရှုံးအောင် ဖွေးလို့ ညည်းယောက်ျား ဝတ်တဲ့ အင်္ကျီ လုံချည် မှန်သမျှ ပင်မင်းဆိုင်က ရွေးလာတဲ့ အတိုင်းဘဲ အချိန်တန် ထမင်းပွဲဆိုလဲ ရှေ့ရောက် အဆင်သင့် သန့်သန့်ပြန့်ပြန့် ဆီနဲ့ပြားနဲ့ အကျအန ချက်လို့... အေး အဲသလို မယားဝတ္တရားအညီ ညည်း လုပ်သာနေတယ် ညည်းယောက်ျား မျက်နှာမြင်တော့လဲ ‘အညာသား’ စကားပြောတော့လဲ ကိုယ့်အောက်ငယ်သားလို မာကျောကျော တုတ်ထိုးအိုးပေါက်၊ မယူခင်တုန်းကလဲ ဒီလူနဲ့ ငါနဲ့ ဖြစ်ပါ့မလား မစဉ်းစားဘူး၊ ယူပြီးယင်လဲ ဘာကြီးဘဲ ဖြစ်နေနေ ကလေး သုံးလေးယောက် ရှိနေပြီ ညည်းစိတ်ကို ချရမယ် ပြင်ရမယ် ပြောင်းရမယ် မဟုတ်လား၊ နေ့ရှိသ၍ စိတ်တစိတ်က မယားဝတ္တရား ငါးပါး လုပ်နေပြီး၊ စိတ်တစိတ်က နေ့ရှိသ၍ ငါလိုအစားနဲ့ မတန်ဘူး စွဲနေတယ်။ ဒီဘက်က ပျက်ကွက်တာတော့ ဘာပြောမလဲ...”


မကြည်သည် ရှိုက်ငိုနေလျက် ဘာမှ ပြန်မပြောနိုင်ချေ။


“ညည်း လုပ်နေတဲ့ ဝတ္တရားက စိတ်ကူးထဲက ဝတ္တရားတွေ လျှောက်လုပ်နေတာ ဒီဝတ္တရားက တော်လာတဲ့ လင်တယောက်အတွက် လုပ်ရတဲ့ဝတ္တရား ညည်းယောက်ျား မောင်လှခင်အဖို့မှ မဟုတ်ဘဲ ညည်းသာ ဒီလို ဝတ္တရားလဲ သိတယ် လုပ်တယ် ညည်းယောက်ျား မျက်နှာမြင်လိုက်ယင်လဲ ‘ကိုလှခင်’... ဆိုပြီးကျေကျေနပ်နပ် ကြည်ကြည်ပျူပျူ ပြောမယ် ဆိုမယ်၊ နေမယ် ထိုင်မယ်ဆိုယင်… ညည်း ဖြစ်ချင်တာ ဖြစ်ရမှာပေါ့ ညည်းကို ပက်ပက်စက်စက် ဒီလိုပြောမလား၊ ကိုင်း ဘယ့်နယ်ရှိစ...”


မကြည်သည် အသံမထွက်ဘဲ မျက်ရည်များ အိုင်ထွန်းလျက် ရှိနေသည်။


“သူ့အကို အင်းစိန်ထောင်က ကိုအောင်သိန်း သွားပြောတော့ ဘာပြောလိုက်သလဲ”


“အင်မတန်ရိုင်းတဲ့ အကောင်၊ မိုက်ရိုင်းလာယင် ဘယ်သူနဲ့မှ တူတာမဟုတ်ဖူးတဲ့၊ တွေ့ယင် လက်သီးနဲ့ ထိုးအုံးမယ်လို့ ပြောလိုက်တယ်၊ သူ့အကိုက သူ့လို မဟုတ်ပါဘူး၊ တခြားစီဘဲ အင်မတန် ယဉ်ကျေးပါတယ်...”


“ကိုင်း... အညာသား ဆိုပြီး ခလုတ်တိုက်ကြအုံးလေ၊ လူ့သစ်တုံးတော့ လှုပ်လာပြီ”


ကျမမှာ သူတို့ဘဝကို တရားလည်း ရလျက် စက်ဆုပ် စိတ်ပျက်လှသည်။ သူတို့အကြောင်း သူတို့အိမ်သားတစုထံမှ ဆက်သိရ ကြားရ ပြန်သည်မှာ ညစဉ်ညတိုင်း လူမကြားအောင် ကျိတ်လျက် ကုတ်ဖဲ့ကန်ကျောက် သတ်ပုတ် နေကြကာ၊ တအိမ်တည်း အတူတူနေပြီး တခန်းစီ ဖြစ်ကြသည်။ သူတို့အကြောင်း မကြားချင် မသိချင်တော့သဖြင့် ကျမအိမ်တွင် စပ်လို့မှ သူတို့အကြောင်း မပြောကြရန် တားမြစ်ပိတ်ပင် ထားလိုက်ရသည်။


တဦးကလည်း အထင်လွဲချင် တဦးကလည်း စော်စော်ကားကား အထင်လွဲစကား ပြောရမလားဟု အထင်လွဲတာကို မပြေပြေအောင် မပြော၊ ရှင်းရမည့် ကိစ္စကို ရှင်းအောင် မရှင်းဘဲ ရန်စလာလျှင် မခံချင်တိုင်း မဟုတ်ကဟုတ်က စကားဖြင့် အရွဲ့တိုက် ပြောနေ၏။ အငေါ်တူးတူး မနာနာအောင် ပြန်ပြောလျက် ရှိရာ အထင်လွဲချင်သူမှာ ဒိန်းတလိန်းနတ် ပူးကပ်ဝင်ကာ နေမြင့်လေ အရူးရင့်လေဖြင့် နောက်ဆုံး အိမ်မှုရှုံး၍ အိမ်ပေါ်က ဆင်းပေးကြရသည့် နေ့၌ ကလေး တယောက်စီ ဆွဲဆင်းသွားကြလျက် မိညိုမှာ အိမ်ပေါ်သို့ ရောက်လာပါလေ၏။


(၄)


ကျမသည် သူတို့ဇာတ်ထုပ်ကို ပြန်လှန်၍ တနုန့်နုန့် စဉ်းစားလျက် မောသွားလေသည်။ မိညိုကို ကြည့်လိုက်ရာ မျက်နှာလေးမဲ့လျက် လမ်းဘက်သို့ ငေးမျှော် ကြည့်နေသည်။ ကျမမှာ သူ့အမေလို မဖြစ်ပါစေနှင့်ဟု မိညို၏ရှေ့ရေးကို ပြေးပူမိလေသည်။


မိညိုသည် ရောက်စသာငိုလျက် နောက်နေ့များတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျောင်းတက် နေလေသည်။ နံနက်ဖက် ကျောင်းချိန်ကစော၍ ဘတ်စ်ကားနှင့် တကွဲလွှတ်ရကာ နေ့လယ်ကျောင်းဆင်းချိန်၌ ကျမသားသမီးများနှင့်အတူ အိမ်ကကား အကြိုလွှတ်ရသည်။ ကျမမှာ တာဝန်တခု ပိုလာသော်လည်း ကုသိုလ်ဘဲဟု အောက်မေ့ရတော့သည်။


မိညိုရောက်၍ မကြာမီ မောင်လှခင်၏ နှမဝမ်းကွဲ ‘အစီ’ သည် သားကလေးတယောက်နှင့် ဒုက္ခဆင်းရဲ ရောက်နေရှာ၍ ကျမအိမ်တွင်နေရန် ပြောလာ၏။ ကျမမှာ အစီတို့ သားအမိကို သနားကာ နေချင်လည်း နေပါစေဟု ခွင့်ပြုလိုက်သည်။


တနေ့တွင် မောင်လှခင်သည် သူ့သားကလေး သံချောင်းကို လက်ဆွဲကာ ကျမအိမ်ပေါ်သို့ တက်လာသည်။ ကျမမှာ ရေချိုးနေခိုက် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြောနေသော မရီ၏အသံကို ကြားရလေသည်။


“အရှက်ကို မရှိဘူး၊ ဟိုက မပေါင်းချင်လို့ သွားပြီ လင်ငယ်နေတယ်ဆို ဘာဖြစ်လို့ လာဆက်ချင်သေးသလဲ... ပြတ်ပါတော့လား၊ ဒို့နေတဲ့ နေရာကို ဘယ်တော့မှ မျက်နှာလာမပြနဲ့ သမီးကို မပြတ်နိုင်ယင် တာဝန်ယူနိုင်ယင် ခေါ်သွား အခု ခေါ်သွား”


ကျမမှာ ရေချိုးခန်းထဲက ကပျာကရာ ထွက်လာခဲ့သည်။


“မရီ... နင် ဘယ်လို ပြောလိုက်တာလဲ၊ သူ့သမီးဆီ သူလာမှာပေါ့၊ နင့်နှယ်ဟယ်... သူတို့ကြားထဲ အကုသိုလ် ကြီးလိုက်တာ... နင်အနေသာကြီး မဟုတ်လား…”


မရီသည် ဆတ်ဆတ်တုန်နေကာ “မိရွှေကြည်ကို နာမည်ပျက်အောင် သက်သက် ဒင်းချိုးတာ မခံနိုင်လွန်းလို့...” ဟုပြောလျက် တိတ်သွား၏။


ကျမမှာ အိမ်ရှေ့သို့ မထွက်ချင်တော့ဘဲ စိတ်တင်းရဲကြီးစွာဖြင့် နားမချမ်းမသာ ဖြစ်နေကာ ထမင်းစားခန်းထဲ သွားထိုင် နေလိုက်သည်၊ ကျမ နောက်မှ “ကျွန်တော် ပြန်တော့မယ်” ဟု မောင်လှခင်က လာနှုတ်ဆက်၍ ခေါင်းလှည့်ကာ ညိတ်ပြလိုက်သည်။


ကျမအိမ်တွင် လာနေသော မောင်လှခင်နှမ အစီသည် တနေ့ သူ့အမျိုးများရှိရာ တာမွေဘက်သို့ ထွက်သွားလေသည်။ ညနေစောင်း၌ မျက်နှာမကောင်း ပြန်ရောက်လာသည်၊ ကျမအပါးသို့ ကပ်ကာ မရီတို့ မကြားအောင် တိုးတိုးကလေး ပြောပြသည်။


“တာမွေမြင်းစောင်းမှာ ကိုလှခင်နဲ့ ကျမ တွေ့ခဲ့တယ်၊ အစီ မောင်တော့ မောင်ပါဘဲ နဲနဲမှ မကောင်းဘူး မမ၊ မိညိုတို့ကို မမ လက်ခံမထားယင် ကောင်းလိမ့်မယ်၊ မမအတွက် ပြောတာပါ...”


“ဘာဖြစ်လို့လဲ” ဟု ကျမက အံ့အားသင့်သင့် မေးကြည့်သည်။


“သူ့မယားကို သူ ပြတ်နိုင်တာ မဟုတ်ဖူး မမရဲ့ မမကြည်က သူ့ကို ဘယ်တော့မှ ပြန်ပေါင်းမှာ မဟုတ်ဖူးဆိုတာ သူ သိတယ်၊ ဒါကြောင့် မစားရတဲ့ အမဲ သဲနဲ့ ပက်မယ်ပေါ့၊ အစီကို ဘယ်လိုပြောတယ် မှတ်သလဲ ဒီလောက် မာနကြီးတဲ့ ဟာမ၊ သူ့သာမကဘူး သူ့ဆွေမျိုး၊ သူ့အမ ဂျာနယ်ကျော် မမလေးပါ ဂုဏ်မပျက် ပျက်အောင် ချိုးပြမယ်။ ဂျာနယ်ကျော် မမလေး မျက်နှာကို အိုးမဲသုတ်ပြမယ်။ ကြည့်နေဆိုပြီး အစီကို ဘီလူးကြိမ်း ကြိမ်းပြလိုက်တယ်။ ဒါကြောင့် မမအတွက် အစီ စိတ်ပူပြီး ပြောပြတာပါ သူတို့ လက်ခံထားသမျှ မဲနေမှာဘဲ”


ကျမမှာ မုဆိုးမဘဝနှင့် သူ့သမီးတာဝန်ကြီး ထမ်းရွက်နေရမှန်း သိလျက်နှင့် သည်လောက် စိတ်ယုတ် ရှိရသလားဟု တွေးမိသည်။ ကိုယ့်ရှိတဲ့ ဂုဏ်သိက္ခာ သူဖျက်တိုင်း ပျက်ရမှာလားဟုလည်း အောက်မေ့မိသည်။


ထိုအခိုက်တွင် ကုက္ကိုင်းမှ ကျမအစ်မကြီး ပေါက်လာသည်။ ကျမက အစီ ပြောပြသည့် အကြောင်းကို အစ်မအား ပြောပြမိသည်။


“ညည်းလေ… တော်တော်ခက်တယ်။ ကိုယ့်ဖာသာကိုယ် နေနိုင်သားနဲ. လူတကာ့အပူတွေ ဝင်ဝင်ရွက်တယ်။ ညည်းက ဘာကိစ္စ ကျောင်းထားပေးရတာလဲ ဆွေမျိုးဆိုပေမယ့် ဒို့အဖေနဲ့ တသွေးစီ၊ ကြီးမှ အိမ်ရောက်လာလို့ ဘီလူးတွေ့ ဒူးတွေ့ တွေ့ဘူးရတဲ့ ဆွေမျိုး ဒါများတလျှောက်လုံး တာဝန်ကြီးတွေ ထမ်းထားလိုက်တာ လက်စကို မသတ်နိုင်သေးဘူး။ သမီးတာဝန် ဆက်ပြန်ပြီ၊ သူ့အဖေ ခေါ်ပြီး ပြန်အပ်လိုက် ခြေနှစ်ချောင်းလဲ မကယ်နဲ့ မင်းလှေမျောလဲ မဆယ်နဲ့တဲ့”


“သူ့အဖေကရော အမေကရော မခေါ်နိုင်ဘူး ဆိုလို့ ဒီရောက်လာတာ မမရဲ့ ကျမက လက်မခံလို့ ဘယ်သွားရမလဲ ကလေး သနားပါတယ်။ ကု|လား မနိုင်လို့ ရခိုင်မဲယင်….သူ့စေတနာ သူ့အကျိုးပေးမှာဘဲ”


ကျမမှာ မိညိုကို သနားသဖြင့် အမကြီးစကား နားမထောင်ဘဲ ကျောင်းပို့မြဲ ပို့နေလေ၏။


အစီပြောသည့် အတိုင်းပင် မိညိုအဖေသည် တစ တစ အတင့်ရဲ လာလေ၏။ ကျမပတ်ဝန်းကျင် ကျမအသိမိတ်ဆွေများထံသို့ ပေါက်ပေါက်ရောက်ရောက် သွားကာ သူတို့လင်မယားကို ကျမက အတင်းအဓမ္မ ခွဲပြီး ယောက်ျားအငယ် နေခိုင်းပါသည်ဟု လျှောက်ပြော နေလေ၏။ ကျမ နားသို့ ပေါက်ကြားလာမှ သူ့နှမ အစီ ပြောသော ကျမ ဂုဏ်ချိုးဖျက်ပြမည့် သူ့နည်းဟာ သည်နည်းပါလားဟု သိရလေ၏။


မိညိုမှာ သည်အကြောင်း ကြားလျှင် စာကောင်းကောင်း မကျက်နိုင်တော့ဘဲ တရှုတ်ရှုတ် ထိုင်ငိုနေလေ၏။ ကျမမှာ သူ့သမီးတာဝန် မထမ်းချင်လောက်အောင် စေတနာ ပျက်သွားကာ မိညိုအား “မိညို... နင့်ကို ငါ မမွေးလိုတော့ဘူး နင့်အဖေဆီ တာမွေ သွားနေတော့” ဟု ပြောမိသည်။


“ကြီးကြီး မိညိုကို ဒီအိမ်က မနှင်ပါနဲ့... မိညိုကို သနားပါ ကြီးကြီးရယ်... မိညို တာမွေ မသွားချင်ဘူး။ မိညိုကို ကျောင်းထားမှာလဲ မဟုတ်ဘူး ဒီမှာ နေပါရစေ ကြီးကြီးရယ်...” ဟု မိညိုသည် ကျမ ကုလားထိုင် အောက်တွင် ဒူးကလေး ထောက်ကာ မျက်ရည် စက်လက်ဖြင့် သနားစဖွယ် ငိုကြွေးတောင်းပန် နေရှာ၏။


ကျမမှာ မိညိုအတွက် စိတ်မချမ်းမသာကြီး ဖြစ်ရလျက် သနားရတော့ကာ ကလေးကို ကျောင်းပို့မြဲ ဆက်ပို့လျက် ကျိတ်မှိတ်သည်းခံ လိုက်ရလေ၏။


မိညိုအဖေသည် လူတွေလိုက်ပြောရုံနှင့် ဂုဏ်မပျက်သေးဟု အထင်ရောက်ကာ သတင်းထောက်အသင်းသို့ ရောက်အောင်သွားကာ မဟုတ် မတရား ပြောပါလေ၏။ အထောက်တော် သတင်းစာ တစောင်သာလျှင် သူ့မယားအကြောင်း ထည့်ကာ သူ အလိုရှိသလို သတင်းစာထဲ၌ ဂျာနယ်ကျော် မမလေးနာမည် ပါမလာချေ။ အခြားသတင်းစာများမှ သတင်းထောက်များကမူ သတင်းစာတွင် လုံးဝ မဖေါ်ပြဘဲ ထားကြသည်။ ကျမမှာ ခင်မင်သော သတင်းထောက်များနှင့် မကြာခဏ တွေ့သော်လည်း အားနာ၍ မပြောဘဲ မြုံနေကြသည်။


မရီတို့သည် ကျမအိမ်ပေါ်၌ ရှစ်လလောက် နေသွားကြပြီးနောက် မြေနီကုန်း ဆန်းသီရိလမ်း၌ မောင်သိန်းဟန် အိမ်ငှားရ၍ အိမ်ပေါ်မှအားလုံး ပြောင်းဆင်း သွားကြသည်၊ မိညိုအမေမှာ မအူပင်၌ သူ့ညီမအမာနှင့် ရှစ်လလောက် သွားနေကာ မောင်သိန်းဟန် အိမ်ငှားရမှပင် ရန်ကုန်သို့ ပြန်လာပြီး မိညိုကို ပြန်ခေါ်ကာ မောင်နှမ ပြန်စုနေကြသည်။


မကြာသေးမီက မိညိုအဖေသည် ဆိုက်ကားသမားနှင့် ကျမထံသို့ စာတစောင် ပို့လိုက်ပြန်သည်။ ဂုဏ်မပျက် ပျက်အောင် စိတ်ဇောဖြင့် မကြားဝံ့ မနာသာများ ရေးသား စွပ်စွဲ ထားလေသည်။


“သူတို့လင်မယားကို ခွဲပြီး ဘာဖြစ်လို့ လင်ငယ်နှင့် ခုထက်ထိ မပေးစားဘဲ ထားသလဲ... စာနယ်ဇင်း လောကကို တနှစ်ကျော်ကျော် ကြာအောင် လူသိအောင် လုပ်သော်လည်း စာနယ်ဇင်း လောကကြီးက ဖုံးကွယ်၍ ထားကြပါသည်” စသည်ဖြင့် ရေးထားသောစာမှာ ကျမ တယောက်တည်း ပေးပို့သော စာမျိုးမဟုတ်၊ ဤစာသည် မိတ္တူ ဖြစ်သည် အောက်ပါဌာနများသို့ ပေးပို့သည်ဟု ပါသေး၏။


သူ ပေးပို့သော ဌာနများမှာ။ 

၁။ သတင်းထောက်များအသင်း။

၂။ အမျိုးသမီး ကလောင်ရှင်။

၃။ ဗ-လ-မ-စ။

၄။  ဂျာနယ်ကျော် မမလေး။

၅။ စာရေးဆရာ ဒဂုန်တာရာမှ တဆင့် မမလေး 

၆။ စာရေးဆရာအသင်းဥက္ကဋ္ဌ။


ကျမမှာ သူ့စာကိုဖတ်ကာ စာနယ်ဇင်းလောက၌ ကျမနာမည် မပါသဖြင့် ဂုဏ်မပျက်ဟုထင်ပြီး ဂုဏ်ပျက်စေရန် အသင်းအဖွဲ့စည်းများသို့ ရောက်အောင်ပို့ကာ မလျှော့တန်း လုံ့လထုတ်နေကြောင်း တွေ့ရလေသည်။


ကျမမှာ သူ့စာကို ဖတ်နေယင်း... ဆရာဦးသိန်းဟန်ကို ပြေးသတိရမိသည်။ ဆရာက “နေရာတကာတိုင်း သည်းခံလဲ မကောင်းဘူးဟ။ အကြောင်းပြသင့်လဲ ပြမှ” ဟု တခါက ကျမ သည်းခံတတ်မှုကို ဝေဖန်ပြောဆိုဘူးသဖြင့် သည်းမခံဘဲ တခုခု အရေးယူရန် တွေးမိလေသည်။


ဒဂုန်တာရာမှာ သည်စာမျိုး အလားတူ ရသဖြင့် တဆင့်ပြီးတဆင့် အတင့်ရဲလာတာတွေ သည်းခံမနေဘဲ အရေးယူရန် ကျမထံသို့ လာပြောလေ၏။


ဆွေမျိုးကဲ့သို့ ရင်းနှီးနေသော ပုလိပ်အရာရှိကြီး တဦးက သူတို့ဇာတ်ကြောင်း ကောင်းကောင်း သိသဖြင့် ကျမကိုများ စော်ကားရသလားဟု စိတ်ဆိုးကာ မျက်ခွက် လက်သီးနှင့် ပိတ်ထိုးမည်ဟု လာပြော၏။


ကျမမှာ တစုံတရာ အရေးယူမည်ဟု စဉ်းစားလိုက်တိုင်း မိညို၏ မျက်နှာကလေးကို ပြေးမြင်ယောင်လာမိသည်။ “နှစ်ယောက်စလုံး မကောင်းပါဘူးကြီးကြီးရဲ့... သူတို့နှစ်ယောက်စလုံး မကောင်းလို့ မိညို ဒီလို ဖြစ်နေရတာပါ…” ဟူသော မိညို၏ စကားမှာ နားထဲတွင် စွဲနေလေသည်။


ဤကိစ္စနှင့် ပတ်သက်၍ အရေးယူရန် တွေးလိုက်သည့်အခါ… မိညိုအဖေ မောင်လှခင်သာ မကောင်းသည်မဟုတ်။ မိုက်တွင်းနက်လှသော မိညိုအမေ မကြည်ပါ မကောင်းသဖြင့် အစော်ကားခံရခြင်းဟု တွေးမိလျက် ကျမ ဘဝတကွေ့တွင် လာတွေ့ရသော ကျေးဇူးကန်းလှသူကို ရန်တုံ့မမူမိရန် ကြိုးစားစိတ်ဖြေလျက် တစုံတရာ အရေးမယူဘဲ သည်းခံလက်စနှင့် သည်းခံပါတော့မည်ဟု ပိုင်းဖြတ် လိုက်လေသည်။


ကျမသည် အရေးမယူရန် ဆုံးဖြတ် လိုက်ပြီးနောက် မိညို၏ မိဘများ ရောက်ရှိ မြုပ်နစ်နေသော အကုသိုလ် နယ်နိမိတ်က အမြန်ဆုံး ကျွတ်စေသချင် လွတ်စေသချင်ပြီးလျှင် အိမ်ထောင် တသက်လုံး မှားလာသော အမှားများကို နှစ်ဖက်စလုံး အမြင်မှန် ပြန်ရသွားကြလျက် မိဘနှင့် ရှင်ကွဲ ကွဲနေရရှာသော သားသမီးကလေးတွေကို ထောက်ထားငဲ့ညှာကြကာ ပြန်လည်ပေါင်းသင်း ကြပါစေရန် မေတ္တာရည်သန်လျက် ရှိ‌နေတော့လေ၏။


---


#ဂျာနယ်ကျော်မမလေး

#မိညို


#shared_by_louis_augustine

#sbla


Comments