ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ // ဒဂုန်တာရာ
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ // ဒဂုန်တာရာ
(တာရာမဂ္ဂဇင်း၊ အတွဲ( ၁ )၊ အမှတ် ၆၊ ဩဂုတ်လ၊ ၁၉၄၇)
—-
ဇူလိုင်လ ၁၉ရက်၊ စနေနေ့
၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ) ကစနေနေ့နေ့လည်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင်ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှ ထံ ဆောင်းပါးဝင်ယူရင်းခဏတဖြုတ် စကားစမြည်ပြောပြီးနောက် ဇော်ဂျီထံသွားမည်ဟု စိတ်ကူးထားသည်။
၁၀ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကားမစဲနိုင်။ သို့နှင့်စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီထိုးသွားလေပြီ။ မိုးကားမတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည်မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည်ဟု ထင်ရသော တောသားသုံးယောက်နှင့် တ|ရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြုတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့က တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွံ့ဗွက်၊ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းက စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် (စပတ်) ဗိုလ်အောင်ကျော်လမ်း ရောက်လျင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါ့လဟိုဇီ (မဟာဗန္ဓုလ) လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်လမ်း)ကို ဖြတ်ကူးလိုက်သည်။
လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့အဝင် တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကားရုံးဆင်းချိန်မို့လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန်အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်းတံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လ|က်န|က်ကိုင်စ|စ်သားများ စောင့်ကြပ်လျက်ရှိသည်ကိုတွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားစိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးအစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍နေသည်။
ဗိုလ်ထွန်းလှအခန်းသို့တက်ရန် လှေကား တထစ်၊ နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံ အပြန်မှဘဲ ဝင်တော့မည်လေ။
လွတ်တော်ရုံးဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ်ခန်းစီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နုရုံးခန်းကိုကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည်။ ရုံးစေ သုံးယောက်မှာ နံရံကိုမှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား “ဦးသိန်းဟန် ရှိသလား” ဟုမေးသည်။
“ရှိပါတယ် ခင်ဗျ” ဟု ခပ်တိုးတိုး ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကားမရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်သေးဘဲရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ “အထဲမှာ အစည်းအဝေးလုပ်နေသလား” ဟု မေးရသည်။
ရုံးစေသည် ဘာမျှမပြောဘဲ အသာအယာ စေ့ထားသောတံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့်အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။
ဇော်ဂျီသည် ကျွန်တော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမမြွတ်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာလက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။ ကျွန်တော်ကား ခါတိုင်းလှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်နေသည်ကိုအံ့ဩလျက်ရှိသည်။ အတန်ကြာဆိတ်နေရာမှ “အားလုံးတော့ ဒုက္ခဖြစ်နေကုန်ပြီ” ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။
“လက်ဖက်ရည်ဆိုင်သွားရအောင်”
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းလေးပေါ်ရောက်မှ ကျွန်တော်မနေနိုင်၍ “ဘာဖြစ်လို့လဲဆရာ” ဟု မေးမိသည်။
“မင်းမကြားဘူးလား” ဟု ဇော်ဂျီက အံ့ဩနေသည်။
“ဟင့်အင်း၊ ကျွန်တော်အခုပဲ ဘတ်စ်ကားပေါ်က ဆင်းပြီး ရုံးကိုတန်းလာတာ”
ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လ|က်န|က်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီးမည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားကြသည်။ ကျွန်တော် မရောက်မီ တနာရီကျော်ကျော်ခန့်ကဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍သွားသည်။ အသားများတဆတ်ဆတ် တုန်၍လာသည်။
အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးကလှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်တွေတွေပင် လက်ဖက်ရည်သောက်နေသည်။
“အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ”
“သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ” စသည်ဖြင့် လူအချို့ ညည်းတွားလျက် ရှိကြသည်။
ဇော်ဂျီက “အမျိုးသားပျက်ဆီးခြင်း တရပ်ပဲ” ဟု တသသ ပြောသည်။
”ကျွန်တော် ရုံးဝင်းထဲကို ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြဘူး။ ဆင်ဝင်အောက်အဝင်မှာတောင် အသိ စာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှမပြောဘူး”
“လူတွေက မပြောရက်ကြဘူး” ဟုဇော်ဂျီက ဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ဘဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ “ဘယ်နဲ့လဲ” ဟုကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူသည်အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
“ဗိုလ်ချုပ်ကော” ဟု တယောက်က တိုးတိုးမေးသည်။
“မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်”
ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ)လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့ကထီးမပါဘဲ၊တချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့်လက်မောင်းကို ဆွဲကိုင်၍ “ ဒီမယ် ခုနက ဝန်ကြီးတွေေ|သနတ်ပစ်ခံရတယ်ကြားတယ်၊ ဟုတ်သလား ခင်ဗျာ” ဟုမေးသည်။ သူက အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
“ဟုတ်ကဲ့”ဟုသာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည် အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက “ဖြစ်မှဖြစ်ရလေနော်၊ ဖြစ်မှဖြစ်ရလေနော်” ဟု မြည်တမ်းလျက် ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအိုမိန်းမတယောက်ကား “ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ်အသက်ရှင်ပါစေတော်” ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို “မပြောကြနဲ့၊ မပြောကြနဲ့ ”ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်ကြသည်။ သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ ဝတ်စားထားသော တ|ရုတ်တဦးက “အားကီး ရက်စက်တာပဲ” ဟု ကျွန်တော့်ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ်ကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။ သိမ်ကြီးဈေးရောက်သောအခါလူသွားလူလာ ရှင်းနေလေပြီ။ သတင်းသည် တမဟုတ်ခြင်း ပျံ့နှံ့သွားလေပြီ ။မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။
ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။
လူတို့သည် “ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ” ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာကြည့်ကြည့်၊ မျက်နှာညှိုးငယ်စွာနှင့်။လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်းမပါးစပ်မှ “ကျုပ်တို့တော့ ထမင်းလည်းမချက်ချင်တော့ဘူး၊ စားချင် စိတ်လည်း မရှိတော့ပါဘူးရှင်” ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေဝင်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဉ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများဆုံတိုင်း ညနေခင်းကအကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညည်းညူသံ၊ တသသံ။
တိတ်ဆိတ် မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ဘဲဖြစ်ပါစေတော့ဟု မိန်းမများ ဆုတောင်းနေကြသည်။ ညဉ့်နက်လာသော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍ရှိနေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေးထကြပြန်သည်။ တရေးနိုးဆုံလျှင် “ဘယ်တော့များမှ မေ့ပျောက် ပါ့မလဲနော်” ဟုအိပ်ချင်သံဖြင့် ဆိုကြသည်။ တရေးနိုးတိုင်း သတိရလျက်ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။
—-
#ဒဂုန်တာရာ
#ဦးအောင်ဆန်း၏နောက်ဆုံးနေ့
#sbla
#shared_by_louis_augustine



Comments
Post a Comment