ပါဌ်ဆင့် အသတ် ကင်းစီး // မောင်ခင်မင်(ဓနုဖြူ )

 


ပါဌ်ဆင့် အသတ် ကင်းစီး // မောင်ခင်မင်(ဓနုဖြူ )



အင်း… မြန်မာစာဆရာကြီးကို  ကတ်သီးကတ်သတ် မေးသလိုများ ဖြစ်နေမလားမသိဘူး။ မေးစရာတခု ပေါ်လာလို့ကွ”


ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့


အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောသောကလေး ပြောလိုက်သည်။


သြော် ...ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ `တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ´ဆိုတဲ့နေ့နာမည်တွေက စာလုံးအပေါ်မှာ ငသတ်သေးသေးကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါသူငယ်ချင်းရာ။ အဲဒီလို အပေါ်မှာမတင်ဘဲ ဟောဒီလို ရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ


သူငယ်ချင်းက ပြောပြောဆိုဆို စာရွက်တရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ `တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ´…တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး “ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း သိချင်ပါတယ်။ ဆရာရှင်းပြပါဟု စာလာမေးသော တပည့်ကလေးများကပါ ထောက်ခံ ဆန္ဒပြုကြသည်။


ကဲ အဲဒီ ငသတ်သေးသေးကလေး အကြောင်းပြောရင်တော့ ပါဌ်ဆင့်လို့ခေါ်တဲ့ စာလုံးဆင့်တွေအကြောင်းက  စပြောမှရှင်းမယ်ထင်တယ်ကွာ


မှန်ပါ၊ ဟောတော်မူပါ” ဟု သူငယ်ချင်းက နောက်ရွှတ်ရွှတ်ပြောသည်။ 


စာလုံးတလုံးနဲ့ တလုံး ဆင့်ပြီးရေးတဲ့စနစ်က ပါဠိစာလုံးတွေနဲ့ ပါဠိကလာတဲ့ မွေးစားစာလုံးတွေမှာ အသုံးများတယ်။ ပါဌ်ဆင့်လို့ခေါ်တာ မင်းတို့သိတယ်မဟုတ်လား” ကျွန်တော်က တပည့်တွေကိုမေးလိုက်သည်။


သိပါတယ်ဆရာ။ မြန်မာစာမှာလည်း ပါဌ်ဆင့်တွေ မကြာခဏတွေ့ရပါတယ်


သာဓက သုံး၊ လေးလုံးလောက် ပြောပြ ကြစမ်းပါ


ဟုတ်ကဲ့ 'ကိစ္စ'တို့ 'ပဏ္ဏာ'တို့ 'ဒုက္ခ'တို့ 'အနဂ္ဃတို့ပါ ဆရာ


အေး ဟုတ်တယ်။ အဲဒီစာလုံးတွေကို ရေးရင် စာလုံးဆင့်တွေနဲ့ ရေးရတာပေါ့။ အဲ ... စာလုံးဆင့်ပြီးရေးပေမယ့်ပါဠိမဟုတ်တဲ့  စာလုံးတွေလည်း မြန်မာစာထဲမှာ ရှိသေးတယ်။ လိမ္မာ၊ လိမ္မော်၊ မိတ္တူ၊ ကုက္ကိုတို့လိုစာလုံးမျိုးတွေပေါ့။ ပါဌ်ဆင့်လိုဆင့်ရေးရင်း အသုံးတွင်ကျယ် သွားတာပါ။ မြန်မာပါဌ်ဆင့်လို့ ခေါ်နိုင်တာပေါ့


သူငယ်ချင်း၊ ငါမေးတဲ့ ငသတ်သေးသေး ကလေးတွေအကြောင်း မရောက်သေးဘူးနော်


အေးပါ၊ မကြာခင်ရောက်မှာပါ။ အဲဒီပါဌ်ဆင့်တွေက ဗျည်းတွေကို ဆင့်ရေးတာလေ။ နှစ်လုံးဆင့်ရာမှာ စာလုံးတူဆင့်တာနဲ့ စာလုံးကွဲဆင့်တာဆိုပြီး စနစ်နှစ်မျိုးရှိတယ်။ တက္ကသိုလ်တို့၊ သမဂ္ဂတို့၊ အနိစ္စတို့၊ ပဇ္ဇုန်တို့၊ ပဏ္ဏာတို့၊ ဆဒ္ဒန်တို့၊ နိဗ္ဗာန်တို့လို စာလုံးတူချင်းဆင့်တဲ့ ပါဌ်ဆင့်တွေရှိသလို ဒုက္ခတို့၊ အနဂ္ဃတို့၊ ပုစ္ဆာတို့၊ မဇ္ဈိမတို့၊ ဝတ္ထုတို့၊ ဗုဒ္ဓတို့လို  စာလုံးကွဲချင်းဆင့်တဲ့ ပါဌ်ဆင့်တွေလည်းရှိပါတယ်


ဟုတ်ကဲ့ဆရာ၊ ကျွန်တော်တို့ မှတ်ထားပါမယ်


ခုပြောတာနဲ့ဆိုင်တဲ့ အရေးကြီးတဲ့အချက်က အဲဒီပါဌ်ဆင့်တွေမှာ အပေါ်က စာလုံးကို အသတ်ပါတဲ့ စာလုံးအဖြစ်သတ်မှတ်ပြီး အသံထွက်ရင်လည်း အသတ်သံ ထွက်ရတယ်ဆိုတဲ့ အချက်ပဲ


ကျွန်တော်တို့ သိပ်နားမရှင်းပါဘူး။ ရှင်းပြပါဦးဆရာ


အေး ခုနပြောတဲ့ သာဓကတွေထဲက 'တက္ကသိုလ်ဆိုပါတော့။ 'က'နှစ်လုံးဆင့်မှာ အပေါ်က 'က'ကို အသတ်ပါတဲ့စာလုံးအဖြစ် စိတ်ထဲကသတ်မှတ်ပြီး ရှေ့က ''နဲ့တွဲဖတ်ရင် ဘယ်လိုအသံထွက်မလဲ


တက်လို့ အသံထွက်မှာပေါ့ ဆရာ


အေး ...ဟုတ်တယ်။ ဒါ့ကြောင့်လည်း ဒီစာလုံးကို 'တက်ကသို'လို့ အသံ ထွက်တာပေါ့။ 'ဒုက္ခ'ဆိုရင်လည်း 'ဒုတ်ခ'လို့ ခွဲဖတ်ရမှာပေါ့။ 'ဒုက်'ဆိုတဲ့စာလုံးပေါင်းက မြန်မာစာမှာမရှိတော့ 'ဒုတ်'ဆိုပြီး မြန်မာစာမှာရှိတဲ့ တသတ်သံနဲ့ပြောင်းဖတ်ရတယ်။ ဒီတော့ 'ဒုတ်ခ'လို့အသံထွက်တာပေါ့။ 'နိဗ္ဗာန်'ကို ခွဲရေးရင်လည်း 'နိဗ်ဗာန်'လို့ ခွဲရေးရမှာပေါ့။ မြန်မာစာသက်သက်မှာ 'ဗ်'မရှိတော့ အသံတူ'ပ်'နဲ့ ပြောင်းပြီး 'နိပ်ဗန်'လို့ ဖတ်ရတာပေါ့


ကဲ...ဟုတ်ပါပြီ။ ဆက်ပါဦး သူငယ်ချင်း


ခု မင်းမေးတဲ့ ငသတ်သေးသေးကလေးတွေ အပေါ်တင်ရေးတဲ့အကြောင်း ရောက်ပါတော့မယ်။ စာလုံးနှစ်လုံးဆင့်ပြီး ရေးတဲ့စနစ်မှာ ''ဟာ အပေါ်မှာနေရတဲ့စာလုံးပဲ။ ''ကို ဒီ့ပြင်စာလုံးရဲ့ အပေါ်မှာ အမြဲတင်ရတယ်လေ။


ကဲ ... စာလုံးတလုံးပေါ်မှာ ''ကို တင်ပြီးရေးကြည့်စမ်း။ အသတ်နဲ့ တူမနေဘူးလား။ 'သင်ကာ'ဆိုတဲ့စာလုံးကို ခွဲမရေးဘဲ ''ကို 'က'ပေါ်တင်ရေးရင် 'သက်ာ'ဖြစ်နေမှာပေါ့။ 'အင်ဂ'လို့ ရေးရင်လည်း 'အဂ်ဖြစ်နေမှာပေါ့။ ဒီတော့''တလုံးတည်း တင်ပြီးရေးရင် အသတ်နဲ့တူတဲ့အတွက် ရှုပ်ထွေးကုန်မှာစိုးလို့ အပေါ်တင်တဲ့အခါ ''တလုံးတည်းမတင်ဘဲ အသတ်ကလေးပါထည့်ပြီး 'င်'လို့ ရေးတာဖြစ်မယ်လို့ ယူဆရပါတယ်။ ရှေးက ပညာရှင်တွေကလည်း ဒီလိုပဲယူဆကြပါတယ်။ ဒါကြောင့် အပေါ်က ''တင်ရမယ့် စာလုံးတွေမှာ ငတလုံးတည်း မဟုတ်ဘဲ အသတ်ပါတဲ့''ကိုတင်ပြီး 'သင်္ကာ၊ သင်္ခါရ၊ တနင်္ဂနွေ၊ သင်္ချာ၊ သင်္ဘော၊ တနင်္လာ၊ ဟင်္သာ'လို့ ရေးတာတွေ့မှာပါ။ အဲဒီ ငသတ်သေးသေးကလေးကို 'ကင်းစီး'လို့ခေါ်တယ်


ကင်းစီးဆိုတာ ဘာအဓိပ္ပာယ်ပါလဲဆရာ


ကင်းဆိုတာ အကင်းကလေး၊ သေးသေးကလေးလို့ ဆိုလိုတာလို့ထင်ပါတယ်။ အပေါ်ကစီးထားတဲ့ စာလုံးအသေးကလေးကို ကင်းစီး လို့ခေါ်တာပါပဲ


သူငယ်ချင်းရှင်းပြတာ လက်ခံနိုင်စရာ ရှိပါတယ်။ ကျေးဇူးပါပဲကွာ


ကင်းစီးနဲ့ရေးရတဲ့ စာလုံးတွေက ခုန ပြောတဲ့ က၊ ခ၊ ဂ၊ ဃ၊ ဘ၊ လ၊  ဆိုတဲ့ စာလုံးတွေပဲ။ သတိရလို့ပြောရဦးမယ်။ အချို့က အသတ်ကို ကင်းစီးနဲ့ မှားရေးတတ်ကြတယ်။ 'ယောက်ျား'ကို 'ယောင်္ကျား'လို့ ရေးတာမျိုးပေါ့။အဲဒီလိုရေးရင်တော့ 'ယောက်ကျား'လို့  အသံမထွက်ဘဲ 'ယောင်ကျား'လို့ အသံထွက်မှာ ပေါ့


ဟုတ်တယ်နော်ဆရာ


ခု ဆရာပြောတာက ရိုးရိုးအသတ်ကို ကင်းစီးနဲ့ မှားရေးတာလေ။ မကြာခင်က မှားဖတ်တဲ့ အမှားတခု ကြားလိုက်ရသေးတယ်


ဘာပါလိမ့် သူငယ်ချင်း


ရိုးရိုးအသတ်ကို ကင်းစီးထင်ပြီး မှားဖတ်တာလေ။  ရုပ်မြင်သံကြားက စာပေ ဆုကြေညာသွားတာ။ 'ဒေါက်တာခင်လက်ျာ ရေးသော ဖေဖေဗိုလ်လက်ျာ'လို့ ဆုရ စာအုပ်ရေးသူနဲ့   စာအုပ်နာမည် ရေးထားတာကို ဘယ်လိုဖတ်တယ်ထင်သလဲ´ 

`ဒေါက်တာခင်လင်ကျာရေးသော ဖေဖေ ဗိုလ်လင်ကျာ´တဲ့ကွာ။ ကြားကြားချင်း ဘာတွေပြောနေပါလိမ့်ဆိုပြီး  နားမလည်ဘူး။ နောက်စဉ်းစားကြည့်မှ သဘောပေါက်သွားပြီး `ဖြစ်မှ ဖြစ်ရလေ´လို့ ညည်းမိတယ်


အားလုံးရယ်ကြရင်း စကားဝိုင်းသိမ်းလိုက်ပါသည်။။ 


မောင်ခင်မင်(ဓနုဖြူ)


—-


#မောင်ခင်မင်_ဓနုဖြူ

#ပါဌ်ဆင့်_အသတ်_ကင်းစီး


#shared_by_louis_augustine 

#sbla

Comments