ဒီတီ // ဂျိုဇော်


 ဒီတီ // ဂျိုဇော်


( ဟန်သစ်မဂ္ဂဇင်း၊ အမှတ်(၅၇)။ မတ်လ၊ ၁၉၉၅ )


—-


D.T.125.R. တန်ကြေးက ၅ သိန်း ၂ သောင်း၊ ကောင်းသလား မမေးနဲ့။ အခုလို အဝေးပြေးလမ်းမကြီးပေါ်မှာ တနာရီ မိုင် ၈ဝ နှုန်းနဲ့ မောင်းမိပြီ ဆိုမှဖြင့် နတ်မြင်းပျံ စီးရတဲ့ အတိုင်းပဲ။ တကယ့်ကို တိမ်တိုက်တွေရဲ့ အကြား၊ လေထုကို တဟုန်ထိုး ထွင်းဖောက်ပြီး သွားနေရသလို။ မြန်လိုက်သမှ ရင်ထဲမှာ အေးခနဲ ဟာခနဲ။ ဒီတီ မော်တော်ဆိုင်ကယ် စီးရတာ နတ်မြင်းပျံ စီးရသလိုပဲ ဆိုတာ တကယ့်ကို အလိုက်ဖက်ဆုံး တင်စားမှုပါပဲ။


ဒါဟာလည်း တကယ်တော့ ကျွန်တော်ရဲ့ စကားလုံး မဟုတ်ပါဘူး။ ဥပမာ စကားလုံး အရွေးကောင်းတဲ့၊ လောလောဆယ်တော့ ကျွန်တော်ပခုံးကို ဆုပ်၊ ဘုရားတပြီး လိုက်လာတဲ့ ပန်းပွင့်အသည်းနဲ့ သူငယ်ချင်းရဲ့ စကားလုံးပါ။ ကျွန်တော်တို့ ငယ်ငယ်က “ပန်းပွင့် အသည်းနဲ့ သူငယ်ချင်း” ဝတ္ထုတပုဒ် ကြားဖူးတယ်။ ဘယ်သူရေးလို့ ဘာအကြောင်းလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းကတော့ဖြင့် အဲသည် နာမည်နဲ့ လိုက်ဖက် နေတာတော့ အမှန်ပါပဲ။


"ဟေ့ကောင် … ဂျော်ကီ၊စပိ(ဒ်) လျှော့တော့ကွာ။ ဒီလောက်ဆို စိတ်ချရလောက်ပါပြီ”


(ဖြတ်ပြီး ပြောရရင်ဖြင့် ကျွန်တော့် နာမည်ပြောင်ကဂျော်ကီပါတဲ့။ ဆိုင်ကယ် အစီးကြမ်းလွန်းလို့ ရလာတဲ့နာမည်ပါ။)


သည်ကောင် ဆိုင်ကယ် အရှိန်လျှော့ခိုင်းနေတာ ဒါနဲ့ဆို အခါနှစ်ဆယ် ကျော်သွားပြီ။ အင်းလေ…ဒါ ဆိုင်ကယ် ထုံးစံပဲ။ ရှေ့က မောင်းရတဲ့ လူက အရသာ ရှိသလောက် နောက်က ထိုင်လိုက်လာရတဲ့ လူက ဘုရား တ ရ စဲမြဲပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ ဆိုင်ကယ် နှစ်ယောက်စီးရပြီဆိုရင် ဘယ်သူမှ နောက်က ထိုင်မလိုက်ချင်ဘူး။ ရှေ့က မောင်းချင်တဲ့ သူချည့်ပဲ။ ခု သည် ခရီးမှာလည်း သူက အသွားမောင်း၊ ကျွန်တော်က အပြန်မောင်း၊ သည်လို ခွဲတမ်းချပြီး စီးရတယ်။


“ငါသာ မောင်းရင် ခုလို ဖြစ်မှာ မဟုတ်ဘူး”


ပန်းပွင့်အသည်းနဲ့ သူငယ်ချင်းကတော့ လုပ်ပြီ။ ပြီးသွားတဲ့ ကိစ္စ တခုကို ရင်ထဲမှာ အလှစိုက်ပန်းအိုးနဲ့ ထားချင်နေသေးတယ်။


“အေး… မင်းသာ မောင်းရင် ဒီလိုလည်း လွတ်လာမှာ မဟုတ်ဘူး”လို့ ကျွန်တော် ခပ်ငေါ့ငေါ့ ပြန်အော်ပြောလိုက်တယ်။


ပြဿနာက သိပ်ကြီးကျယ်လှတာ မဟုတ်ပါဘူး။ အပြန်ခရီး ကျွန်တော့်အလှည့်မှာ ထုံးစံအတိုင်း ခပ်ကြမ်းကြမ်း စပိ(ဒ်)တင်ပြီး မောင်းလာခဲ့တယ်။ လမ်းဘေးက ရွာကလေး တရွာရဲ့ အလွန်၊ ခပ်လှမ်းလှမ်း ကွေ့ ကလေးမှာ ဈေးဗန်းခေါင်းရွက် မိန်းမတယောက်ကို ပွတ်တိုက်မိရော။ ဈေးသည်ကလည်း နမော်နမဲ့ လမ်းဖြတ်အကူး၊ ဆိုင်ကယ်ကလည်း အရှိန် ပြင်းပြင်းနဲ လမ်းကို ချိုးအကွေ့၊ ဘွားခနဲ တွေ့လိုက်တော့ ဘရိတ်အုပ်ဖို့ အချိန် မရတော့ဘူး။ လွတ်နိုင်သမျှ လွတ်အောင် လက်ကိုင်ကို ကစားပြီး ရှောင်မောင်းလိုက်ရတယ်။ ဈေးသည်မိန်းမ ကံကောင်းပါတယ်။ လူကို မိမိရရရ မတိုက်မိဘူး။ လေဟပ်တဲ့ အရှိန်၊ လန့်ဖျပ်သွားတဲ့ အရှိန်နဲ့ ဈေးဗန်း တခြား၊ လူ တခြား လမ်းပေါ် လွင့်စင် လဲကျ ကျန်ရစ်ခဲ့တယ်။ ဒဏ်ရာ ကြီးကြီးကျယ်ကျယ် မရနိုင်ပါဘူး။ကျွန်တော်လည်း လီဗာကို ပိုမြှင့်ပြီး မောင်းပြေးခဲ့တာပေါ့။ ယာဉ်အသွားအလာ ပြတ်နေတာကိုက ကျွန်တော် တို့အတွက် ကံကောင်းတယ် ဆိုရမယ်။ “ဟေ့ကောင်...ရပ်၊ ရပ်၊ ဟိုမှာ ဘာဖြစ်သွားသလဲ မသိဘူး”တဲ့။ကိုင်း ... ကြည့်။ သည်ကောင် ပန်းပွင့်အသည်း နဲ့ သူငယ်ချင်းလို့ နာမည်ရတာ ဆန်းသလား။ သူ့စကားများ နားထောင် မိရင် ခုလောက်ဆို တုတ်တပြက်၊ ဓားတပြက် ရွာသားတွေကြားမှာ ကျွန်တော်တို့ နှစ်ယောက်ခမျာ ကြောင်တွေ ကြားက ကြွက်နှစ်ကောင်လို ဖြစ်နေ ရော့မယ်။


ခုတော့ ဘယ်သူမှလည်း မမြင်လိုက်ကြ။ ဈေးသည်ဆိုတာကလည်း ဆိုင်ကယ်နံပါတ် မှတ်မိဖို့ နေနေသာသာ၊ ဆိုင်ကယ် ဘာအမျိုးအစား၊ ဘာအရောင်မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး။ ကျွန်တော်ဆုံးဖြတ်ချက် ဘယ်လောက် မှန်လိုက်သလဲ။ မိနစ်ပိုင်းအတွင်း လေး ငါး မိုင်လောက် ခရီး ပေါက်ခဲ့ပြီ။ အန္တရာယ် ကင်းပြီ။


အရှိန်လျှော့မယ် ကြံတုန်း “ဟေ့ကောင်၊ စပိ(ဒ်) လျှော့တော့” တဲ့။ ဆရာ လုပ်နေပြန်ပြီ။ ကျွန်တော် သူ့ကို အရွဲ့တိုက်ချင်တာနဲ့ လီဗာကို ထပ်တင်လိုက်တယ်။ လီဗာကို ဆောင့်အတင်၊ မျက်နှာချင်းဆိုင်က လာနေ တဲ့ ဆန်နီအပြာလေးကို ဗင်ကားအဖြူလေးက ကျော်အတက်၊ ကျွန်တော့် ဆိုင်ကယ်နဲ့ မျက်နှာချင်းအဆိုင်။ ကျွန်တော် လက်ကိုင်ကို လမ်းဘေး ဆွဲချလိုက်ရတယ်။


အဲဒါ ကျွန်တော် နောက်ဆုံး သိတာပဲ။


ခဏလေးပဲ။ ခဏဆို ခဏကလေးပဲ။ ကျွန်တော် သတိ ရ ရချင်း ခေါင်း ထောင်ကြည့်လိုက်တော့ လမ်းဘေး တာကျင်းထဲမှာ ဒီတီက။ ဒီတီ အောက် မှာက သူငယ်ချင်း။ ဟဲ(လ်)မက်က မကျွတ်သေးဘူး။ကျွန်တော်က ဘယ်လိုကဘယ်လို လွင့်စင်လာတယ် မသိ။ တာကျင်းဘေးက ပြောင်းခင်းပေါ် လာတင်နေတယ်။ ကိုယ့်ကိုယ်ကို ပြန်စစ်ဆေးကြည့်တော့ အံ့ဩစရာ။ ဘာဒဏ်ရာမှမရဘူး။


ဟို ကားနှစ်စင်းလည်း လစ်ပြေးကုန်ကြပြီ။ ကားနံပါတ် မပြောနဲ့၊ အက္ခရာတောင် မမှတ်မိလိုက်ဘူး။


သူငယ်ချင်း ဘာဖြစ်သွားသလဲ။ ပန်းပွင့်အသည်းနဲ့ သူငယ်ချင်း ဘာဖြစ်သွားသလဲ။ ဆိုင်ကယ်ကော ဘာဖြစ်သွားသလဲ။ သူတို့ဆီ ပြေးသွား။ ဆိုင်ကယ်ကို မ ဖယ် လိုက်တော့။ အား..ခနဲ သူငယ်ချင်းက အော် တယ်။ ဟူး … တော်သေးရဲ့။ သည်ကောင် မသေသေးဘူး။သူ့ညာဘက် ပခုံးကအင်္ကျီ စုတ်ပြတ်သွားပြီး သွေးချင်းချင်း နီနေတယ်။ ခေါင်းက ဘာမှ ဖြစ်ပုံ မရဘူး။ ဒါ အရေးကြီးဆုံးပဲ။ မေးစေ့ကွဲပြီး အဲဒီက သွေး တော်တော် ထွက်နေတယ်။ ရင်ဘတ်အပေါ် နီရဲ စိုရွှဲလို့။ သည်ကောင် မျက်လုံး အပြူးသားနဲ့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။


“ဟေ့ကောင် ဘာဖြစ်သွားလဲ။ တို့ ဆိုင်ကယ် မှောက်တာ သိရဲ့လား … “


သည်ကောင် ရှုံ့မဲ့ပြီး ခေါင်းညိတ်ပြတယ်။ ဦးထုတ်ချွတ်မလို့ လက်ကို မြောက်တော့ သူ့ ညာဘက်လက်က မမြှောက်နိုင်ဘူး။


“အား…ကျွတ်…ကျွတ်…ပခုံးထဲက နာလိုက်တာကွာ”


သည်ကောင် လက်မောင်းပဲ ကျိုးသွားသလား၊ ပခုံးဆစ်ပဲ ပြုတ်သွားသာလး မသိ။ တွဲ ထူပေးတော့လည်း မထနိုင်ပြန်ဘူး။ ညာဘက်ခြေထောက်က တရွတ်ဆွဲနေတယ်။ ကျွန်တော ဂျိုင်းနှစ်ဖက်ကနေ မ ပြီး တာကျင်းထဲက ဆွဲတင်၊ ပြောင်း ခင်းအစပ်က မြက်ခင်းပေါ် လှဲသိပ်ပေးထားလိုက်တယ်။


ဆိုင်ကယ်ကို စစ်ဆေးကြည့်တော့ ရှေ့မီးလုံးကြီးနဲ့ ညာဘက်က နောက်ကြည့်မှန်ကော၊ အချက်ပြ မီးလုံးတွေပါ ကြေမွလို့။ တော်သေးရဲ့။ ဆိုင်ကယ်က နှိုးလို့ ရသေးတယ်။


“ဆိုင်ကယ် အိုကေသေးတယ်။ မင်း ဘယ်လိုလဲ” သူငယ်ချင်းက ခေါင်းယမ်းပြတယ်။


“ငါ့ ညာဘက်ပေါင် ကျိုးသွားပြီ ထင်တာပဲ။ မင်း စမ်းကြည့်စမ်းပါဦး” တဲ့။


ဟုတ်ပါရဲ့။ဂျင်းဘောင်ဘီတောင် စုတ်ပြတ်ဖွာလန်ကြဲသွားတယ်။ ကျင်းနှုတ်ခမ်းနဲ့ ဆိုင်ကယ်ကြားမှာ ဖိညှပ်ပွတ်ဆွဲ ခံထားရပုံပဲ။ အဲသည် ပေါင်နေရာက အထိလည်း မခံနိုင်ဘူး။ လှုပ်လည်း မလှုပ်နိုင်ဘူး။


“မင်း ဆိုင်ကယ်ပေါ် ထိုင်လိုက်နိုင်မလား။ ဆိုင် ကယ်က မောင်းလို့ ရသေးတယ်”


“မဖြစ်ဘူး၊ မဖြစ်ဘူး။ အား…ကျွတ်…ကျွတ်..။မင်း...ကား တစင်းစင်းသာ ရအောင် တား”


ကျွန်တော် သူငယ်ချင်းပါးစပ်ထဲ ပီကေတခု ထည့် ပေးလိုက်တယ်။ သူက ထွေးထုတ်ပစ်တယ်။ 


“မဝါးနိုင်ဘူး၊ မေးရိုးထဲက နာတယ်ကွ”


ကျွန်တော်လည်း ပီကေဝါးရင်း ကားတွေ မျှော်ရတယ်။ နေကလည်း ပူလိုက်တာ၊ မွန်းလွဲချိန်ဟာ ကားပြတ်တဲ့ အချိန်လား မသိဘူး။ ပထမ ကိုယ်ပိုင်ကားလေးတွေ တားကြည့်ဖို့ စဉ်းစားထားတယ်။


သွားပစေဦး။ တော်တော်ကြာမှ ကုန်တင်ကားကြီး နှစ်စင်း ဆက်တိုက်လာတယ်။


ဟော…ဟိုင်းလပ် ကားတစီး။ နောက်ကတော့ ပစ္စည်းတွေနဲ့။ တားတော့ တားတာပဲ။ ရပ်မပေးဘူး။ ခဏနေတော့ ဆန်နီ ဆူပါဆလွန်း တစီး။ ရပ်မပေးဘူး။ ဆက်တိုက်ပဲ၊ ဆူပါရု(ဖ်)။ အရှိန်တောင် မလျှော့ဘူး၊ ဆက်မောင်းသွားတယ်။ တော်တော်ရိုင်းတဲ့ လူတွေပါလား။ သူငယ်ချင်းကို လှမ်းကြည့်တော့ နေသာသလိုလေး မှိန်းနေတယ်။


ဟော လူ စီး ဟီးနိုးကြီးတစင်း၊ မတားတော့ပါဘူးလေ။ သူ့နောက် မှာ ဗင်ကားအဖြူလေး တစင်း။ လမ်းမ အလယ်ကောင်ထိ သွားရပ်ပြီး တားလိုက်တယ်။ အရေးထဲ လူနှစ်ယောက်နဲ့ L.A ဆိုင်ကယ် တစီးက ဝေါ ခနဲ…ပွတ်ရှောင်သွားသေးတယ်။ ဗင်ကားသမားကို အကျိုးအကြောင်းပြော၊ သူငယ်ချင်းကို လက်ညှိုးထိုးပြပြီး အကူအညီတောင်းတော့ ကားသမား က စကား ဝဲတဲ ဝဲတဲနဲ့။ ပါးစပ်ကလည်း ငြင်း၊ ခေါင်းကလည်း တယမ်းယမ်းနဲ့။ အောက်ကျို့ပြီး တောင်းပန်မလို့ ပါးစပ်ဟ ကာ ရှိသေး၊ ဝူးခနဲ မောင်းထွက်သွားရော။


တောက် လူတွေမှာ အကြင်နာတရား၊ မေတ္တာတရား၊ကိုယ်ချင်းစာ စိတ်တွေ သည်လောက် ခေါင်းပါးနေကြပြီလား။ နေကလည်း ပူလိုက်တာ။ ရေကလည်း ငတ်။ပီကေ ဝါးရတာတောင် တံတွေး မထွက်တော့ဘူး။ ခေါင်းထဲကလည်း တစစ်စစ်နဲ့ ကိုက်လာတယ်။ သူငယ်ချင်းခမျာလည်း မြက်ခင်းပေါ်မှာ ပက်လက်။ နေက ပူ၊ ဒဏ်ရာတွေက နာနဲ့ သည်ကောင် တော်တော် အနေခက်မယ်။


စိတ်ဓာတ်လည်း ကျ။ ဒေါသလည်း ထွက်လာပြီ။ နောက်ထပ် လာ သမျှကားတွေ လက်တားလည်း ရပ်မပေးကြဘူး။ လက်ထဲမှာသာ ေ|သ|နတ် တလက်ရှိရင် ကားသမား နားထင်တော့ပြီး ခိုင်းမိမှာ အသေအချာပဲ။ အေး လေ၊ မင်းတို့ အလှည့်ပေါ့။ ကိုယ့်အလှည့်ကျမှ လောကကြီးကို အချဉ် ဖောက်ပစ်လိုက်ဦးမယ်။


လောလောဆယ်…သူငယ်ချင်းဆီ ပြေးရတယ်။ သည်ကောင် တော်တော် လေသံပျော့နေပြီ။ ရေက ငတ်၊ ခေါင်းက မူး၊ ဒဏ်ရာက နာ၊ မျက်စိ တွေကလည်း ပြာဆိုပဲ။ တော်သေးရဲ့၊ ဒဏ်ရာတွေက သွေးတိတ်နေပြီ။ အနီး အနားမှာလည်း ရွာဆက်က ပြတ်။ လူစ သူစလည်း မတွေ့ရ။ အားတင်းထားစမ်း သူငယ်ချင်း။


နောက်ဆုံးတော့ သူငယ်ချင်းကို လှည်းလမ်းကြောင်းကလေး နံဘေးက ထနောင်းပင် ပုပုလေးအောက်ကို ရွှေ့ပေးထားလိုက်ရတယ်။ မတတ်နိုင်တော့ဘူး။အားပေးစကားတွေ တတွတ်တွတ်ပြောပြီး ထားပစ်ခဲ့ရတယ်။ ဆိုင်ကယ်နဲ့ အနီးဆုံး မြို့ကလေးကို သွားမယ်။ ပိုက်ဆံ ဘယ်လောက် ပေးရ၊ ပေးရ၊ ကားတစင်း ရအောင် ငှားမယ်။ သူငယ်ချင်းကို ဆေးရုံ အမြန်ဆုံး ပို့ပေးရမယ်။


သူငယ်ချင်းက လေသံပျော့ကလေးနဲ့ မြန်မြန် ပြန်လာခဲ့ကွာတဲ့။ အဆင်ပြေမှာပါ သူငယ်ချင်း။


အဆင်ပြေတယ်လို့ ပြောရမှာပါပဲ။ မြို့ကလေးကလည်း သိပ်မဝေး၊ အကူ အညီ ပေးမယ့် (အငှားလိုက် မယ့်) ကား ကလည်း အဆင်သင့်တွေ့တော့ တနာရီလောက်ပဲ ကြာမယ်။ သူငယ်ချင်းဆီ ပြန်ရောက်လာတယ်။


အဲဒီ တနာရီအတွင်းမှာ ဘာတွေက ဘယ်လို ဖြစ်ပျက်ကုန်တယ် မသိဘူး။ သူငယ်ချင်း မရှိတော့ဘူး။ မေးရမြန်းရအောင်ကလည်း လူရိပ် လူယောင် မမြင်။ သည်ကောင် သူ့ဟာသူ ထ သွားတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ တယောက်ယောက် ခေါ်သွားလို့ ဖြစ်ရမယ်။ အသိ တယောက်ယောက်များ မြင်သွား တွေ့သွားပြီး အိမ်ပြန်ခေါ်သွားသလား။ ဆေးရုံပဲ တန်းပို့လိုက်ပြီလား။ ကျွန်တော်လည်း တော်တော် ဦးနှောက်စားသွား တယ်။ ဘာမှလည်း ခြေရာ လက်ရာ မကျန်ရစ်။ မသကာ စာတစောင် လောက်ရေးထားခဲ့ပြီး ခဲနဲ့ ဖိထားခဲ့ဦး၊ ရတယ်။ တော်တော်ခက်တဲ့ ကေင်။


ကျွန်တော်လည်း ကားသမားနဲ့ ပြေလည်အောင် လုပ်ပြီး သူငယ်ချင်း အိမ်တန်းပြန်လာခဲ့တယ်။ သူငယ်ချင်းအိမ် ရောက်တော့ သည်ကောင် မရှိဘူး။ သည်သတင်းတောင် ကျွန်တော်ပြောမှ သိကြတာ။ တအိမ်လုံး ပျာယာခတ်သွားတာပေါ့ ။ အဲ...သူငယ်ချင်းအဖေ အန်ကယ်ကြီးကတော့ ခေါင်းအေးအေးပဲ။ ဆေးရုံတွေ ဖုန်းဆက်မေးတယ်။ သူငယ်ချင်း နာမည်နဲ့ အက်ဆီးဒင့်ကေ့စ် မလာဘူးတဲ့။ သူ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေ လက်လှမ်းမီသမျှ ဖုန်းဆက်တန် ဆက်၊ ကျွန်တော်ကိုယ်တိုင် လိုက်မေးတန်မေး၊ ဘာ သတင်းအစအနမှ မရဘူး။


ပြဿနာက တစ တစ်စ ကြီးထွားလာပြီ။ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ ခက်လာတယ်။ ရဲကို လူပျောက်မှုနဲ့ တိုင်ချက်ဖွင့်ထားပါလား ပြောတော့ အန်ကယ်ကြီးက သဘောမတူပြန်ဘူး။ သူ့နည်းသူ့ဟန်နဲ့ ရှာမယ် တဲ့။ သည်ကောင် တနည်းနည်းနဲ့ သူ့ဟာသူ ဆက်သွယ်လာမှာပါတဲ့။ အန်ကယ်ကြီးကလည်း အေးစက်စက်နဲ့ တမျိုးပဲ။


သည်လိုနဲ့ သတင်းလေး စုံစမ်းလိုက်၊ သူ့ဘက်က ဆက်သွယ်လာ မလား စောင့်လိုက်၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ကြားခံပြီး ကြာလာ လိုက်တာ သုံးလလောက်ကြာမှ သတင်းရတော့တယ်။ သူ့ကို ထားခဲ့တဲ့ နေရာနဲ့ ဆယ်မိုင်လောက် ဝေးတဲ့ ချောင်ကျကျ ရွာကလေးတရွာမှာ ရှိနေ တယ်ဆိုပဲ။ သည်ကောင်က လူတမျိုး၊ ခပ်ကြောင်ကြောင်ရယ်။ ဘာကြောင့်များ သည်လောက်ကြာကြာ ရွာကလေးမှာ သောင်တင်နေပါလိမ့်။


သတင်းလည်း သေချာရော။ အန်ကယ်ကြီးနဲ့ ကျွန်တော် သူ့ကို ပြန်ခေါ်ဖို့ အန်ကယ်ကြီး ကားနဲ့ပဲ ထွက်လာခဲ့ကြတယ်။


ကျွန်တော်တို့ကို မြင်တော့ သည်ကောင်က ပြုံးတယ်။ အံမယ် အေးအေး ဆေးဆေးလေးပဲ ။ လမ်းလည်း လျှောက်နိုင်နေပြီ။ ထော့နဲ့ ထော့နဲ့တောင် မဖြစ်ဘူး။


ထင်ထားတာက ကျွန်တော်တို့ကို မြင်လိုက်ရင် ရုတ်တရက် အံ့ဩသွား၊ အူယားဖားယား ပြေးလာပြီး ဝမ်းသာအားရ ဖက်လှဲတကင်း နှုတ်ဆက် လိမ့်မယ် ထင်ထားတာ။ ခုတော့ အေးတိအေးစက် အပြုံးနဲ့။


ကျွန်တော်တို့မှာ ကားကလေးကိုလည်း ရွာအရောက် ခဲရာခဲဆစ် မောင်းလာရသေး။ သူ ရှိနေတယ်ဆိုတဲ့ ယာခင်းထဲက တဲကလေးအရောက် မိုင်ဝက်လောက် လမ်းလျှောက်လာရသေး။ သူနဲ့တွေ့တော့ မနွေးထွေး လိုက်တာ။


“လာ…သူငယ်ချင်း၊ လာ_အဖေ” ဆိုပြီး ကျွန်တော်တို့နှစ်ယောက် ကို တဲရှေ့က ကွပ်ပျစ်ကလေးပေါ် ထိုင်ခိုင်းတယ်။ ပြောပုံက ကြည့်ဦး။ “အဘရေ…ဧည့်သည်တွေ လာတယ်”တဲ့။ အန်ကယ်ကြီးက သူ့သားကို မျက်မှောင်ကြုတ်ပြီး အကဲခတ်နေလေရဲ့။ ခဏနေတော့ ယာခင်းထဲက အဘိုးကြီးတယောက် ထွက်လာတယ်။ အသက် ၇ဝ ကျော်လောက် ရှိပေမယ့် သန်တုန်း မြန်တုန်း ပုံစံပဲ။ ကွပ်ပျစ်ပေါ် ဝင်ထိုင်ပြီး၊ ခေါင်းပေါင်းဖြုတ်ပြီး ချွေးသုတ်နေတယ်။ တဲကလေးထဲကလည်း ကောင်မလေးတယောက် ထွက်လာတယ်။ အသက် ၁၇။ ၁၈။ ညိုညိုတုတ်တုတ်နဲ့ တောသူရုပ်ကလေး ပေါ့။ ရေနွေးကြမ်းနဲ့ ပဲကြော် လာချတယ်။ ပြီးတော့ တဲလေးထဲ ပြန်ဝင်သွားရော။ အန်ကယ်ကြီးကတော့ မျက်မှောင်တတွန့်တွန့်နဲ့ ပေါ့။ ပဟေဠိ တပုဒ်ကို အဖြေရှာသလို အားလုံးကို လိုက်ကြည့်နေတယ်။


“ဒါက ကျွန်တော့်အဖေ၊ သူက ကျွန်တော်နဲ့အထူ ဆိုင်ကယ်စီးခဲ့တဲ့ သူငယ်ချင်း”


“ဒါက ကျွန်တော့်ကို ကယ်ထားတဲ့ အဘ။ ခုနက ညီမလေးက အဘရဲ့မြေး”


သည်ကောင် တယောက်တည်း ဒိုင်ခံ မိတ်ဆက်ပေးနေပြီး ဖြစ် ကြောင်းကုန်စင် သူပဲ ဒိုင်ခံ ပြောတော့တာပဲ။ သည်ကောင် ပြောပုံနဲ့ သူ့ ဇာတ်လမ်းက ဗွီဒီယိုရိုက်ရင်တောင် ခပ်ကောင်းကောင်း။


ကျွန်တော် ထွက်သွားပြီး မကြာခင် သူလည်း သတိလစ်သွားရောတဲ့။ သူ သတိလစ်နေတုန်း အဘိုးကြီးက လှည်းနဲ့ ရောက်လာတာ။ လူငယ် တယောက်၊ ဒဏ်ရာ ဗရပွ၊ သွေးသံတရဲရဲနဲ့ သတိလစ်နေ၊ အဖော်လည်း တယောက်မှ မတွေ့တာနဲ့ လှည်းပေါ်ပွေ့တင်၊ ခု သည်ယာခင်းထဲက တဲလေးဆီ ခေါ်လာခဲ့တာ တဲ့။ တဲဆီရောက်တော့ သတိပြန်ရသတဲ့။ ကျွန်တော့်ကို သတိရပြီး ရွာထဲက လူတယောက်ကို လွှတ်၊ ကျွန်တော့်ကို စောင့်ပြီး ခေါ်ခဲ့ဖို့ ခိုင်းတော့ ညနေ မှောင်တဲ့အထိ စောင့်တာတောင် ကျွန်တော်က ပေါ်မလာဘူး တဲ့။ အမှန်က ကျွန်တော် သူ့ကို မတွေ့လို့ ပြန်သွားပြီးမှ ရွာကလူ ရောက်သွားပုံရတယ်။


ဒါနဲ့ပဲ သူလည်း ယာခင်းကလေးမှာ သောင်တင်၊ မြေးအဘိုးနှစ် ယောက်ရဲ့ ပြုစု စောင့်ရှောက်မှုနဲ့ ကျန်းမာလာ။ ပခုံးဆစ် လွဲပြီး ပေါင်ရိုး အက်သွားတာလည်း တိုင်းရင်းဆေးနဲ့ပဲ ကောင်းသွားဆိုပဲ။


“တကယ်တော့ အဖေရာ ကျွန်တော်လည်း လူအမျိုးမျိုးနဲ့ တွေ့ကြုံဖူး ခဲ့ပါပြီ။ လူသားတွေဟာ ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်တာခြင်း တူပေမယ့် …”


ဆိုပြီး သည်ကောင် ဝတ္ထုတွေထဲကလို လေကြောရှည်မလို့ စကား စ တုန်း အန်ကယ်ကြီးက လက်ကာပြလိုက်တယ်။


“ငါ့သား…မင်းစကားတွေ သိပ်များနေပြီ...တော်တော့ “ တဲ့။  တခါ အဘိုးကြီးဘက် လှည့်ပြီး


“ကိုင်း … ဘကြီး၊ကျွန်တော်တို့မှာလည်း သိပ်အချိန်ရတာ မဟုတ်ဘူး။ ဘကြီးတို့ ကျေးဇူးဟာ တန်ဖိုး မဖြတ်နိုင်လောက်အောင် ကြီးတယ် ဆိုတာလည်း ကျွန်တော် သဘောပေါက်ပါတယ်။ သည်ကောင်ရဲ့ အသက် သခင်ဆိုလည်း ဟုတ်ပါတယ်။ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရတာ နည်းတဲ့ဒုက္ခ မဟုတ်ဘူး။ အိမ်ကို တနည်းနည်းနဲ့ အကြောင်းကြားရင် ရသားနဲ့ သူများကို ဒုက္ခပေးတဲ့ကောင်။ ဘယ်လိုမှ မအောက်မေ့ပါနဲ့၊ ကန်တော့တယ်လို့ သဘောထားပါ။ ကျွန်တော် ငွေသုံးသောင်း ကန်တော့ခဲ့ပါမယ်။ ကဲ...ပော့ကောင် အောက်ဆင်း၊ မင်းအဘကို ထိုင်ကန်တော့” ဆိုပြီး အန်ကယ်ကြီးက ငွေသုံးသောင်းကို အဘိုးကြီးရှေ့ ချ၊ သူ့သားကို ထိုင်ကန်တော့ ခိုင်းတယ်။ အဘိုးကြီးက ခေါင်းတယမ်းယမ်းနဲ့။ အဘ နည်းနည်းလောက် ပြောပါရစေ ဆိုပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီး နှစ်ဖွာ၊ သုံးဖွာလောက် ဖွာနေလိုက်သေးတယ်။ ကောင်မလေးကလည်း မလှမ်းမကမ်းမှာ မယောင် မလည်နဲ့ ရပ်လို့။


ဗုဒ္ဓဘာသာအရ အဘတို့တတွေဟာ သံသရာ ခရီးသွားတွေပါ တဲ့။ နိဗ္ဗာန် မရမချင်း သံသရာ ခရီးသွားတွေဟာ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ ပါပဲတဲ့။ တွေ့တုန်း ကြုံတုန်းမှာ ကတညုတ၊ ကတဝေဒီ ဆိုသလို ကျေးဇူးကို တတ်နိုင်သလောက် ကျေးဇူးပြုတာ သူတော်ကောင်း လက္ခဏာ ပါတဲ့။ အဘ သည်ကလေးကို ကျေးဇူးပြုခဲ့တာလည်း သံသရာတကွေ့က သူ့ရဲ့ကျေးဇူး ရှိလို့သာ ခုလို ဆပ်ခွင့်ကြုံလာတာပဲလို့ သဘောထားပြီး ဘာကိုမှ မမျှော်ကိုးတဲ့ စိတ်ရင်းနဲ့ စောင့်ရှောက်ခဲ့တာပါတဲ့။ သည်ငွေတွေ ကိုလည်း အလှူအတန်း တခုခု လုပ်လိုက်ပါ။ အဘ သာဓုခေါ်ပါမယ် တဲ့။ အဘကတော့ ကတညုတ၊ ကတဝေဒီ ကျေးဇူးတာဝန်ကျေတဲ့ သံသရာ ခရီးသွားတယောက် ဖြစ်ရတာကိုပဲ ကျေနပ် ပီတိ ဖြစ်ရပါပြီတဲ့။ အဲသလို အဘိုးကြီးက ပြောပြီး ငွေတွေ လက်မခံဘူး။ ပြန်ပေးတယ်။


အန်ကယ်ကြီး ဆိုတဲ့ လူကလည်း တကယ့်လက်တွေ့သမား၊ ပြတ် ပြတ်ပဲ။ လက်မခံဘူးဆိုမှတော့ နှစ်ခါ ထပ်မပေးဘူး။ ပိုက်ဆံတွေ အိတ်ထဲ ပြန်ထည့်တယ်။ ဒါဆိုလည်း ကျွန်တော်တို့ကို ခွင့်ပြုပါဦးတဲ့။ “ပော့ကောင်၊ လာ သွားစို့” ဆိုပြီး သူ့သားကို ခေါ်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရဲ့ ပန်းပွင့်အသည်းနဲ့ သူငယ်ချင်းလေ။ သူ့စကားကြောင့် အားလုံး အံ့အား သင့်ကုန်တယ်။


“လောလောဆယ်တော့ ကျွန်တော် မလိုက်နိုင်သေးဘူး အဖေ”တဲ့။ အန်ကယ်ကြီး စိတ်တိုသွားတာပေါ့။ သူ့သားကို မျက်မှောင်ကြုတ် ကြည့်၊ “သောက်ရူး”လို့ တခွန်းဆဲပြီး ချာခနဲ လှည့်ထွက်သွားတယ်။


သူငယ်ချင်း ဘယ်လိုများ ဆုံးဖြတ်လိုက်တာပါလိမ့်။ ကျွန်တော် သည်ကောင် ကြီးကို ယာခင်းအစပ်နား ဆွဲခေါ်သွားပြီး ပြန်လိုက်ခဲ့ဖို့ အမျိုးမျိုး နားချတယ်။ မရဘူး။ တော်တော် ခေါင်းမာတဲ့ကောင် ဖြစ်နေပါရောလား။


"ပော့ကောင်၊ အဘပြောသလို သံသရာခရီးသွားတွေကြုံထိုက်မှ ကြုံ၊ ဆုံထိုက်မှ ဆုံကြတယ်ဆိုတာ မင်းယုံလား”တဲ့။ သည်ကောင် ဘာကို ဆိုလိုတာပါလိမ့်။


“မင်း ဆိုင်ကယ်နဲ့ တိုက်ပစ်ခဲ့တဲ့၊ ဈေးဗန်းရော လူပါ လမ်းပေါ် လွင့်စင်ကျန်ရစ်ခဲ့တဲ့ ဈေးသည်လေးဟာ ခုနက ရေနွေးကြမ်း လာချတဲ့ အဘရဲ့ မြေးမလေးပဲ" တဲ့။ “ဟေ...ဟုတ်လား” တိုက်ဆိုင်မှုကိုတော့ ကျွန်တော် တကယ်ကို အံ့သြသွားတယ်။ “သူ့ကို တိုက်ခဲ့တဲ့ တရားခံဟာ မင်းနဲ့ငါပါလို့ ခုထိ ငါ ဝန်မခံရဲသေးဘူး။ ဖွင့်ပြောရဲတဲ့ သတ္တိ မရှိသေးဘူး။ ဘာပဲဖြစ်ဖြစ် ငါ့မှာ တာဝန်ရှိနေပြီ။ ငါ့အလှည့် ရောက်နေပြီ။ ဒါကြောင့် လောလောဆယ် ငါ မလိုက်နိုင်သေးတာပဲ။ ဒီတခါတော့ ငါဟာ အဘပြောသလိုပေါ့ကွာ။ တာဝန်ကျေတဲ့ သံသရာ ခရီးသွား တယောက် ဖြစ်အောင် နေသွားဖို့ ငါ့ကိုယ်ငါ ဆုံးဖြတ်ထားတယ်။ Dutiful Traveller ပေါ့ကွာ … ဟားဟား”


သူငယ်ချင်းက ကျေကျေနပ်နပ်ကြီး ရယ်မောနေတယ်။ ကျွန်တော် သူ့ကို သဘောပေါက်လိုက်ပါပြီ။


ပန်းပွင့်အသည်းနဲ့ သူငယ်ချင်း သို့မဟုတ် Dutiful Traveller ။


—-


#ဂျိုဇော်

#ဒီတီ


#shared_by_louis_augustine 

#sbla

Comments