သံပတ်ဖားကလေး ဟိုခုန် သည်ခုန် // စမ်းစမ်းနွဲ့ (သာယာဝတီ)


 သံပတ်ဖားကလေး ဟိုခုန် သည်ခုန် // စမ်းစမ်းနွဲ့ (သာယာဝတီ)


—-


ဧည့်ရိပ်သာ (၁)


“ဦးကျော်ဟန်”


“အမိန့်ရှိပါ ခင်ဗျ”


“ခင်ဗျားတို့ပစ္စည်းတွေက သိပ်မစွံပါဘူးဗျာ၊ စိတ်ဝင်စားစရာလဲ မရှိလှဘူး၊ ဓာတ်ဘူးက ပရက်ရှာနဲ့လား၊ ရိုးရိုးလား၊ အပြည့်အစုံလဲ ရေးမထားဘူး”


“နှစ်မျိုး ပြထားပါတယ် ခင်ဗျ၊ ခုနစ်ဆယ်ကျော်တန်က ရိုးရိုး ဆန်းဖလားဝါးပါ၊ ကိုးဆယ်ကျော်တန်က ပရက်ရှာနဲ့ပါ၊ ပရက်ရှာ ဓာတ်ဘူးက တဂိုဒေါင်လုံးမှ နှစ်လုံးပဲ ရှိပါတယ်ခင်ဗျ၊ ဦးတင်ဝင်းရှိန်တို့အဖွဲ့ လာတုန်းကတောင် စာရင်းထည့်မပြလိုက်ပါဘူး။ တမင် ချန်ထားတာ ခင်ဗျ”


“အေးဗျာ...နှစ်လုံးတည်း ကပ်သီးကပ်သပ်၊ ကျုပ်စာရေးကြီးကို တလုံး ထည့်ပေးလိုက်ပါ။ ကျန်တဲ့ အဖွဲ့တွေကတော့ ရိုးရိုးပဲပေါ့၊ ခင်ဗျားတို့ဆီ ပစ္စည်းရှားတယ်ဆိုတာ ယုတ္တိတော့ မရှိလှဘူး ဦးကျော်ဟန်၊ မဖမ်းဘဲ လွှတ်လွှတ်ပေးတယ်ထင်တယ်”


“ရာထားချက် ပြည့်အောင် ဖမ်းပါတယ်ခင်ဗျ၊ ဧည့်သည်တွေကလဲ မပြတ်တမ်း ရောက်ရောက်လာတော့...”


“ဟား...ဟား... ခင်ဗျားက ကျုပ်တို့ပါ ဆွဲချည်နေပြန်ပြီပေါ့လေ”


“မဟုတ်... မဟုတ်ရပါဘူး ခင်ဗျ၊ ဂိုဒေါင်မှာ ပစ္စည်းပြတ်ရတဲ့ အကြောင်းက ဒီလိုရှိ ...”


“ဟား... ဟား၊ သိပါတယ်ဗျာ၊ ထားပါတော့၊ ဒီမှာ ဒီလိုလုပ် ဦးကျော်ဟန်”


“အမိန့်ရှိပါ ခင်ဗျ “


“နက်စပရေရယ်၊ သိုးမွေးရယ်၊ နှစ်ယောက်အိပ် ခြင်ထောင်ရယ်၊ စတီး

လေးဆင့်ချိုင့်ရယ်၊ ဒါပဲ...ဒါပဲ တော်ပြီ၊ အချိုမှုန့်မထည့်နဲ့၊ ခင်ဗျားတို့ဆီက အချိုမှုန့်က မြိတ် ကော့သောင်းကဟာတွေ၊ အိမ်ရှင်မက မကြိုက်ဘူးဗျ။ တာချီလိတ် ကျိုင်းတုံ အချိမှုန့်မှ ကြိုက်သတဲ့၊ အိုးချင်း ဇွန်းချင်း တံဆိပ်တူပေမယ့် ဟိုကလာတာမှ အချောင်းကြီးပြီး အသုံးခံသတဲ့၊ ကဲ...စပို့ရှပ်ကကောင်းရဲ့လား၊ မိကျောင်းတွေလား၊ ဪ...မေးလ်တဲ့... ရေးထားတယ်။ မေးလ် ဆိုရင် ထည့်ပေးလိုက်ဗျာ၊ ဂေါ့ဒ် ရိုက်တော့ စပို့ရှပ် သိပ်ကုန်တယ်”


“ဟုတ်ကဲ့ခင်ဗျ၊ ဆေးလိပ်ကော အလိုရှိပါသေးသလား၊ စာရင်းမှာ ထည့်မပြထားဘူး ထင်တယ်၊ ထရစ်ပလ်ဖိုက် ဆရာ၊ ဘင်ဆင်ရော ရှိတယ်ခင်ဗျ”


“ထရစ်ပဲလ်ဖိုက် မလုပ်နဲ့ဗျာ၊ ဘင်ဆင် ထည့်လိုက်၊ ဒါပဲ...တော်ပြီ၊ ကိုင်း ဆက်လုပ်၊ ဩ...နေဦးဗျ ဒီမှာ....”


“အမိန့်ရှိပါ ခင်ဗျ”


“ဒီမှာ ခင်ဗျားပို့ထားတဲ့ ချိုင်းနား ဝီစကီတွေ ဘယ်သူမှ မသောက်ဘူးဗျ၊ ခင်ဗျားပြန်ယူသွားတော့၊ ကျုပ်တပည့်တယောက်က ရက်လေဘယ်လ်နှစ်လုံး လာပို့ထားတယ်၊ လုံလောက်ပါပြီ၊ ခင်ဗျားလဲ ချိုင်းနားဝီစကီတွေ ပေါပေါရတိုင်း လွှတ်သောက်မနေနဲ့ဦးနော်”


“အာ…ကျွန်... ကျွန်တော် လုံးဝ မသိဘူးခင်ဗျ၊ အဟဲ ... သိပ်လဲမသောက်

တတ်ပါဘူး၊ ဒါဆို ကျွန်တော် ရက်လေဘယ်လ် ထပ်ပို့ပေးထားပါ့မယ်၊ လွယ်ပါတယ် ခင်ဗျ”


“လွယ်ရင်တော့ လုပ်ဗျာ၊ ပြောင်းဖူး ကိုက်လန်ကြော်ကလေးနဲ့ မြည်းရမှာပဲ၊ ဒီနေ့ ကျုပ်မွေးနေ့ဆိုတော့ သားသတ်လွတ် စားတယ်။ ကဲ...ကဲ..ဒါပဲ ဦးကျော်ဟန်၊ ဆက်လုပ်”


“ဟုတ်”


—-


ဧည့်ရိပ်သာ (၂ )


“ဟော... ဦးကျော်ဟန်၊ ခင်ဗျားဗျာ တနေ့လုံး ခုမှပဲ ပေါ်လာတော့တယ်၊ အိမ်ရှင်မျက်နှာ မမြင်ရတော့ ဧည့်သည်တွေ ငေါင်တာပေါ့ဗျာ”


“ဟား...ဟား... မငေါင်ပါနဲ့ ဗျာ၊ ခင်ဗျားတို့က ဧည့်သည်တွေမှ မဟုတ်တော့တာ၊ ဒီရောက်တာ တလပဲ ပြည့်တော့မယ်၊ ကိုယ့်အိမ် ကိုယ့်ယာလို  သဘောထား၊ လိုတာ ပြောလို့ဆိုမှ၊ ကိုင်း...ဆို၊ ဘာအဆင်မပြေတာရှိလဲ”


“ပြေပါတယ်ဗျာ... အဲ...ဝီစကီတော့ လက်ကျန် နည်းနေပြီဗျ၊ မဝိုင်း လောက်တော့ဘူး”


“အို….ရမယ်၊ စိတ်ချ၊ ဒီကပြန်ရင် ချက်ချင်းပို့လိုက် မယ်၊ ဆိုဒါဆယ်လုံးပါ ထည့်ပေးလိုက်မယ်”


“ဒါတွေ အားကိုးနေရတာပဲဗျာ၊ အဲ...ဒါထက် အရေးကြီးတာလေး ရှိသေးသဗျ”


“ဆို”


“ကျွန်တော်တို့အဖွဲ့ မနက်ဖြန် စခန်းသိမ်းမယ်”


“ဟင်….မြန်လှချည်လား၊ ဒါဖြင့် ပြောပါဦး၊ ကျွန်တော်တို့အခြေအနေ”


“သိပ်အဆိုးကြီးတော့လဲ မဟုတ်ဘူးပေါ့ဗျာ”


“ကြည့်ကျက်လဲ ညှိသွားပါဗျာ၊ ကျွန်တော်တို့ ဟက်တက်ကွဲ ကျန်ရစ်ပါဦးမယ်”


“ကျွန်တော်တို့ကလဲ ဘယ်ကွဲစေချင်ပါ့မလဲ ဦးကျော်ဟန်ရာ၊ စာနာပါတယ်၊ အတတ်နိုင်ဆုံး ညှိပေးခဲ့ဖို့ပါပဲ”


“ကျေးဇူးမတရားတင်တယ်ဗျာ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ၊ လိုတာပြော “


“ခင်ဗျား လူတွေနဲ့ပဲ ညှိလိုက်ပါ့မယ်လေ၊ ဦးကျော်တန် တခုပဲ ဆောင်ကြဉ်းပေး”


“ဆို အားမနာနဲ့”


“ကျွန်တော်တို့အဖွဲ့အတွက် ပစ္စည်းလေးဘာလေး ရောင်းပေးဖို့”


“အို...ဒါတွေ ကျွန်တော် စီစဉ်ပြီးသားပါ။ ခင်ဗျားတို့အဖွဲ့ ငါးယောက်အတွက် တယောက်ကို ခြောက်ရာ ကျော်ဖိုးစီ ရောင်းပေးမယ်။ အပြင်ဈေးနဲ့ သုံးလေးထောင်ဖိုးလောက် ရှိမယ်။ ကျေနပ်ပြီလား”


“ပိတ်စတွေတော့ သိပ်ထည့်မပေးနဲ့နော်၊ လူကြိုက် နည်းတယ်ဗျ”


“ကီမိုနို ပေးမယ်ဗျာ၊ တက်ထရွန် အဖြူစ ပေးမယ်ဗျာ၊ ဆပ်ပြာမှုန်နဲ့ သွားတိုက်ဆေး ပါမယ်ဗျာ”


“ဟာ... ခင်ဗျားဟာတွေက ဘယ်စွံလို့လဲ ဦးကျော် ဟန်ရာ၊ ဓာတ်ဘူးကို မီးပူတို့ မရဘူးလား”


“ဓာတ်ဘူးက ဟော့(တ်) အိုက်တမ်ဗျ။ မလောက်မငှမို့လို့ လူကြီးတွေတောင် စေ့အောင် မပေးနိုင်ဘူး။ ဒီကိစ္စ ခုလေးတွင်ပဲ ကျုပ် အပွမ်ခံလာခဲ့ရသေးတယ်။ ဒီလိုလုပ်ပေးမယ်ဗျာ။ ဆန်းဖလားဝါး ဓာတ်ဘူး တလုံးစီ ရမယ်၊ အချိုမှုန့် ကီလိုထုပ်ကြီး တထုပ်စီရမယ်”


“မီးပူကော”


“နှစ်လုံးတည်းရှိတယ်ဗျ၊ ခင်ဗျားတို့အဖွဲ့က ငါးယောက် ဖြစ်နေတော့”


“မဲချယူမယ်ဗျာ၊ ဆေးလိပ် ကလေး ဘာလေးများကော”


“ဇင်ဇင်း တယောက် တတောင့်”


“ဒူးယား မရှိဘူးလားဗျ”


“သုံးတောင့်ရမယ်ဗျာ၊ ဝေယူ ကိုင်း”


“ရသလောက်ပေါ့ဗျာ... ကျေးဇူးပဲ” 


“ရပါတယ်ဗျာ၊ အပြန်အလှန် ကူညီတဲ့ သဘောပါ။ ကျွန်တော်တို့ အတွက်သာ နောင်ရေး စိတ်အေးနိုင် အောင်”


“စိတ်ချ... စိတ်ချ၊ ကိုင်း... နေမညိုခင် ဖေကိုယ်တို့အတွက်သာ”


“ခုချက်ချင်း ရောက်လာရ မယ်”


—-

ဈေးအတွင်း၊ ဘန်ဝှက်စတိုး။


“ဟာ... ဆရာဦးကျော်ဟန် ပါလား၊ ဘာကူညီရမလဲ ပြောပါ”


“ရက်လေဘယ်(လ်) ငါးလုံးလောက် လိုချင်လို့ကွာ”


“ဟာ....ဆရာ၊ မနက် စောစောက ပြောရင် ငါးလုံးရတာပေါ့၊ မနက်ပိုင်း ကပဲ၊ နှစ်လုံး ရောင်းပစ်လိုက်တာ ၊ ခုသုံးလုံးပဲကျန်တယ်၊ အားနာတယ်ဆရာ” 


“မင်း မရှာနိုင်တော့ဘူးလား”


“ဘန်ဝှက် တမြို့လုံး ကျွန်တော်တယောက်ပဲ ဒါမျိုး ကိုင်တာ ဆရာသိပါတယ်”


“ရှူး...ဒါဆိုလည်း မတတ်နိုင်ဘူးပေါ့ကွာ၊ ရှိတာပေး၊ ဆိုဒါတသတ္တာပါပေး၊ တခါတည်း ကားပေါ်တင် လိုက်ကွာ”


“ရမယ်ဆရာ၊ ဟေ့...ကောင်လေးတွေ ဘယ်သူရှိသလဲ၊ ဟေ... အဘိန်း၊ ထပ်ခိုးပေါ်သိမ်းထားတဲ့ ရက်လေဘယ် သုံးပုလင်း ပက်ကင် လုပ်စမ်း၊ ပြီးတော့ ဆိုဒါ တသေတ္တာပါ ထုတ်၊ ဆရာ့ကား မြန်မြန်တင်၊ ဆရာ... ထိုင်ပါဦး ဆရာ”


“မထိုင်တော့ဘူးကွာ၊ ဒါတွေ ငါ ဘယ်လောက် ရှင်းရမှာလဲ၊ မနေ့က ဝီစကီ တဒါဇင်နဲ့ ဆိုဒါတသေတ္တာရယ်၊ ပြောင်းဖူး သံဘူး လေးလုံးရယ်၊ ဝိုး... အဖိုးကြီးကလဲ စည်သွတ် ပြောင်းဖူးမှ ကြိုက်သကွာ၊ ဩ … ဒီနေ့ သားသတ်လွတ်‌ဟေ့၊ လေးလုံး ထပ်ပေးဦးဟေ့”


“ရမယ်ဆရာ၊ ဆရာ မရှင်းနဲ့ဦး၊ ကျွန်တော် ဒိုင်နာတစီး မနက်ကပဲ ဟိုဘက် လွှတ်လိုက်တယ်၊ ချောချောမောမော ပြန်ရောက်လာရင် ဆရာ့ကိုတောင် ကျွန်တော်က ထပ်ရှင်းပေးရဦးမှာ”


“အဲဒီကိစ္စတွေ နောက်မှပြောဘန်ဝှက်ရာ၊ မင်းကလဲ တရက်ခြား နှစ်ရက် ခြား သိပ်လွှတ်မနေနဲ့၊ ငါ  မျက်နှာ အထားခက်ရင်လဲ မကောင်းဘူး။ လောဘသိပ်မကြီးနဲ့ကွာ၊ မင်းဆိုင်က ပစ္စည်းတွေများလွန်းတယ်၊ ဒါက ဘာအရုပ်တွေ တုံး... စုံလှချည်လား”


“အရုပ်က ဖုံးလို့ဖိလို့  အကောင်းဆုံး ဆရာ၊ အရုပ်မျိုးစုံ တမင်တင်လာတာ။ ဒါက စက်ရုပ်၊ ဒါကဝက်ဝံ၊ ဒါက တယ်လီဖုန်း၊ ကစားစရာပေမယ့် ဟိုဘက်ခန်း ဒီဘက်ခန်း စကားပြောလို့ ရတယ် ဆရာ...”


"တယ်ဟုတ်ပါလား၊ ဘက်ထရီနဲ့လား”


“ဘက်ထရီနဲ့ရော၊ သံပတ်နဲ့ ရော အမျိုးစုံပဲဆရာ၊ သံပတ်ကားတွေလည်း အမျိုးမျိုးပဲ”


“မင်းဟာတွေက ရာကျော်မှာပေါ့”


“တရာကျော်တန်ကနေ တထောင်ကျော်တန်အထိ ရှိတယ်ဆရာ”


“ဟ...ဒါဆို မင့်ဟာတွေဘယ်ကလေး ဝယ်ကစားနိုင်မှာလဲ ဘန်ဝှက်ရ”


“ကစားစရာအရုပ် ဝယ်တတ်တဲ့ အတန်းအစားမှာ ဈေးမရွေးဘူးဆရာ။ အိုးပုတ်နဲ့ အုန်းလက်နွားနဲ့ ဖုန်ထဲသဲထဲမှာ ကစားတဲ့ အတန်းအစားနဲ့တော့ မဆိုင်ဘူးပေါ့”


“ခွေးမသား ဘန်ဝှက်၊ ငါ့ကလေးတွေလဲ ဖုန်ထဲသဲထဲ ကစားတတ်တာပေါ့ဟ၊ ဒါပေမယ့် ဈေးချိုတဲ့အရုပ်တော့လဲ ဝယ်ပေးပါတယ်”


“အာ...ဆောရီးဆရာ၊ အဲဒါမျိုးလဲရှိတယ်၊ ဟောဒီမှာ ဖားရုပ်ကလေးတွေ၊ တခုမှ ဆယ်ငါးကျပ်ရယ်၊ သံပတ်နဲ့”


“ဒါလား...စောစောက ငါမြင်သား၊ မီးခြစ်ဘူးကလေးတွေလားလို့၊ မှန်း...ပြစမ်းပါဦး”


“ဒီအရုပ်တွေ ပေါ်နေတာ ကြာပြီ ဆရာ၊ အရင်က အစိတ် ရောင်းတယ်။ ဟော....ဆရာ ကြည့်၊ ဟောဒီလို သံပတ်ပေးပြီး ထိပ်ကလေး အသာပုတ်လိုက်၊ ဟော... ခုန်ဆွခုန်ဆွနဲ့ တွေ့လား ဆရာ ...ဟဲဟဲ”


“ဟွန်း...မင့်ဖားက တည့်တည့်လဲ မခုန်ဘူး၊ အရူးမီးဝိုင်းသလိုပဲ၊ ဟိုခုန် ဒီခုန်နဲ့”


“ဟဲ...ဟဲ ဆရာကလဲ၊ ဒါ သံပတ်ပေးတဲ့အပေါ်မှာ တည်တယ်ဆရာ၊ အသာလေး ခပ်ဖြည်းဖြည်း လှည့်ပေးရင် တည့်တည့်ခုန်တယ်၊ အရင်စလို အရေးတကြီးနဲ့ ခပ်မြန်မြန်ရစ်ပြီး တင်းနေအောင် ပေးမိတော့လဲ သံပတ်က ဟန်မကျဖြစ်ပြီး၊ ဟိုပြေးဒီပြေး ခုန်ဆွခုန်ဆွ ဖြစ်တော့တာပေါ့၊ ဆရာ့ကလေးဖို့ တခုယူသွားလေ၊ ပက်ကင်ပိတ် စပါယ်ရှယ် သံပတ်ဖားတကောင် ကျွန်တော် ရွေးလိုက်မယ်”


“နေ...နေ ထားစမ်းပါဦးကွာ၊ အရေးထဲမှာ တင်ပြီးပြီလား ဟိုဟာတွေ၊ ကိုင်း...သွားမယ်၊ ဧည့်ရိပ်သာ တစ်နဲ့ နှစ်ကို ကျွမ်းပစ်အောင် ခုန်ရဦးမယ် ဘန်ဝှက်ရေ”


---


#စမ်းစမ်းနွဲ့_သာယာဝတီ

#သံပတ်ဖားကလေးဟိုခုန်သည်ခုန်


#shared_by_louis_augustine 

#sbla

Comments